ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး အရည်အသွေး ပိုမိုကောင်းမွန်သော မျိုးစေ့ပျိုးပင်များ ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဧပြီ ၂၁

 

တစ်ဧကချင်း၏ ထုတ်လုပ်မှုတိုးတက်ရေးနှင့် အရည်အသွေးမြင့်သီးနှံများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရာသီအလိုက် ရေမြေဒေသအလိုက် အရည်အသွေး ပိုမိုကောင်းမွန်သော မျိုးစေ့ပျိုးပင်များထုတ်လုပ်ခြင်း၊ စိုက်ပျိုးမှုစနစ်ဆိုင်ရာ အသုံးချသုတေသနများ ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်လုပ်ကိုင်လာစေရေး အသိပညာပေး စည်းရုံးဆောင်ရွက်ကြစေလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဧပြီ ၂၀ ရက်တွင် မကွေးမြို့ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုခြံ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဆွေးနွေး မှာကြားသည်။

 

ယင်းနောက် ဒေသသုတေသနဗဟိုခြံ၏ သီးနှံသုတေသန၊ ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သီးနှံဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တောင်သူများအတွက် ဝင်ငွေအကျိုးအမြတ် ပိုမိုရရှိစေမည့် ဒေသရေမြေနှင့်ကိုက်ညီသော ဆီထွက်သီး နှံမျိုးသန့် မျိုးစေ့များနှင့် တန်ဖိုးမြင့်သီးနှံမျိုးများ တိုးချဲ့ထုတ်လုပ်ရန်၊ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်မည့် စိုက်ပျိုးနည်းစနစ်များ၊ သီးနှံပုံစံများ၊ ဒေသတွင်းစိုက်ပျိုးရေးဆိုင်ရာ ပြဿနာများဖြေရှင်းနိုင်မည့် နည်းလမ်းများ ဖော်ထုတ်၍ စိုက်ပျိုးသူ လက်ဝယ်သို့ ရောက်ရှိရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှူးရုံး အစည်းအဝေး ခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ဈေးကွက်လိုအပ်ချက် ရှိနေသည့် အသားကဏ္ဍတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး လာရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

အလားတူ မကွေးတိုင်း စက်မှုလယ်ယာဦးစီးမှူးရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်းရေး လုပ်ငန်းများကို သက်ဆိုင်ရာလုပ်ငန်းဌာနများအားလုံး ပေါင်းစည်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)