နေပြည်တော် ဇွန် ၂၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဇွန် ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး စုပေါင်းခန်းမ၌ ပဲပုပ်စိုက်တောင်သူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မွေးမြူရေးတိရစ္ဆာန် အစာကုန်ကြမ်းများတွင် အသားဓာတ်အရင်းအမြစ် အဖြစ် သုံးစွဲသည့် ပဲပုပ်ဖတ်များကို ပြည်ပမှတင်သွင်းမှုနှစ်အလိုက် လျှော့ချသွားနိုင်ရန်နှင့် ပြည်တွင်းတွင် ထုတ်လုပ်သည့် ဆီကြိတ်ဖတ်များကို အစားထိုးသုံးစွဲနိုင်ရန်အတွက် ဆီထွက်ပဲပုပ်သီးနှံ တိုးချဲ့စိုက်ပျိုးရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာနှင့် ဆီထွက်ပဲပုပ်သီးနှံများ တိုးချဲ့ စိုက်ပျိုးနိုင်ရန် အားပေးဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားပြီး တောင်သူများကို သဘာဝမြေဩဇာ များ ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ပုသိမ်ငါးလုပ်ငန်းစခန်း၏ ငါးသားဖောက်လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည့် ငါးမျိုးစိုက်ထည့်ပေးခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးမှာကြားကာ ဧရာဝတီ VMS ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ် ရေးဌာနခွဲ၌ မြန်မာနိုင်ငံရေပိုင်နက်အတွင်း လုပ်ကိုင်လျက်ရှိသော ငါးဖမ်းရေယာဉ်များကို VMS တပ်ဆင်၍ စောင့်ကြည့်ထိန်းချုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ကန်ကြီးထောင့်မြို့နယ်  ညောင်ချောင်းကျေးရွာရှိ မွေးမြူရေးတောင်သူ ဦးခင်အောင်၏ ဉစားဘဲမွေးမြူရေးခြံနှင့် ပန်းတနော်မြို့နယ် မွေးမြူရေးသုတေသနစခန်းတို့ကို  ကြည့်ရှု စစ်ဆေးသည်။

 

မွေးမြူရေးသုတေနဦးစီးဌာန ပန်းတနော်မြို့နယ် ငါးမွေးမြူရေးသုတေသနစခန်းတွင် ဒေသနှင့်ကိုက်ညီ သည့် ငါးမျိုးများ မွေးမြူသုတေသနပြုခြင်း၊ တိုင်းရင်းငါးမျိုးများ ကိုမျိုးထိန်းသိမ်းခြင်းနှင့် တိုင်းရင်း ငါးမျိုးအမြောက်အများ မွေးမြူထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)