နေပြည်တော် စက်တင်ဘာ ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကန်အုပ်စု၊ ကံဦးကျေးရွာရှိ စိုက်ပျိုး၊ မွေးမြူရေး တောင်သူများ၏ ငရုပ်စိုက်ခင်း၊ ခရမ်းချဉ်စိုက်ခင်းများနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးရန်ပုံငွေ ထောက်ပံ့မှုဖြင့် ဘဲအကောင်ရေ (၁၀၀၀၀) တိုးချဲ့မွေးမြူနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားရေး၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူ တောင်သူများနှင့် စားသုံးသူတို့အကြား တိုက်ရိုက်ရောင်းချနိုင်ရန်အတွက် ဝန်ကြီးဌာနရုံးများနှင့် ကိုယ်တိုင် ထုတ်လုပ်သူများ အခွန်လွတ်စျေးတို့တွင် စနစ်တကျရောင်းချနိုင်ရေး၊ အစားအစာ ဘေးကင်းလုံခြုံမှုရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သော ထုတ်ကုန်များအဖြစ် ထုတ်လုပ်မှုအဆင့်မြှင့်တင်သွားရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ကျည်တောင်ကန်အုပ်စု၊ ရေဆင်းငါးလုပ်ငန်းစခန်း၏ ငါးမျိုးသားဖောက်ခြင်း၊ ငါးသားပေါက် ဖြန့်ဖြူးခြင်းနှင့် ငါးမွေးမြူထုတ်လုပ်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာရှိ ကိုနှင့်ညီ ကုမ္ပဏီလီမိတက် ကျွဲမွေးမြူရေးခြံကို ကြည့်ရှုအားပေးပြီး ကျွဲမွေးမြူခြင်းသည် ရာသီဥတုဒါဏ်နှင့် ရောဂါဒါဏ်ခံနိုင်ရှိပြီး နွားနို့ထက် ပရိုတင်းဓာတ်၊ ကော်ဓာတ် (ကာဗွန်ဟိုက်ဒြိတ်)၊ အဆီဓာတ်နှင့် ဗိုက်တာမင်ဓာတ်များ ပိုမိုများပြား ပါဝင်သည့်အတွက် တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေးနှင့် လိုအပ်ချက်များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ကုမ္ပဏီတာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ငလိုက်ရေလှောင်တမံ၏ ဝင်ရေသိုလှောင်ထားရှိမှုနှင့် တမံကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဆွေးနွေးမှာ ကြားသည်။
ညနေပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၁၆/၅) ရှိ နေပြည်တော် နို့စားနွား မွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံသို့ ရောက်ရှိပြီး နို့စားနွားများ မွေးမြူထားရှိမှုနှင့် နွားစာချဉ်ဖတ် ပြုလုပ်သို လှောင်ထားရှိမှု၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် Myanmar C.P Livestock Limited တို့အကြား မွေးမြူရေးဆိုင်ရာ ပညာပေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးနို့ စားနွားများ ဖြန့်ဖြူးပေးခြင်းလုပ်ငန်းနှင့်အတူ အသေးစားနှင့် အငယ်စား မွေးမြူရေး လုပ်ကိုင်သူများ၊ နို့စားနွား မွေးမြူရေးလုပ်ငန်း တည်ထောင်လုပ်ကိုင်လိုသူများကို ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ ကူညီဆောင်ရွက်ပေးရန်၊ ခေတ်မီမွေးမြူရေးစနစ်များကို မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ လက်တွေ့လေ့လာသင်ယူနိုင်ရေးနှင့် ဒေသတွင်း မွေးမြူရေးတောင်သူများအား တတ်မြောက် ကျွမ်းကျင်သည်အထိ သင်တန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ငလိုက် ဆင်စခန်းရှိ ဆင်များ၏ ကျန်းမာရေးနှင့် စားသောက်ရေး အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်