ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ရေဆင်း စက်မှုလယ်ယာ သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး

နေပြည်တော် ဇူလိုင်၁၇

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၁၆ ရက်က နေပြည်တော် ရေဆင်းရှိ စက်မှုလယ်ယာ သင်တန်းကျောင်း တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

 

ဦးစွာ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် သင်တန်း ကျောင်းအုပ်ကြီးတို့က တောင်သူများအတွက် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ စပါးရိတ်သိမ်း ခြွေလှေ့စက်၊ ကောက်စိုက်စက်နှင့် မျိုးစေ့ချစက်များ မောင်းနှင်ထိန်းသိမ်းမှု သင်တန်းများ ဖွင့်လှစ် ပေးနေမှု၊ ဌာနတွင်း ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများနှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးနေမှု ၊ လုပ်ငန်းခွင်ဝင်သင်တန်းများ သင်ကြားပို့ချနေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လယ်ယာသုံး စက်ကိရိယာများ ကိုင်တွယ်အသုံးပြုခြင်း ၊ ပြုပြင်ထိန်းသိမ်း ခြင်း နည်းပညာ၊ အတတ်ပညာများကို တောင်သူ မိသားစုများ ကိုယ်တိုင်ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်ရေး၊ ပုဂ္ဂလိက လယ်ယာဝန်ဆောင်မှု လုပ်ငန်းခွင်မှ လုပ်သားများ၏ စွမ်းဆောင်ရည် ပြည့်ဝရေးအတွက် စနစ်တကျ လေ့ကျင့် သင်ကြားပေးနိုင်ရန်လိုကြောင်း၊ စက်မှုလယ်ယာ လုပ်ငန်းခွင်အတွက် ကျွမ်းကျင်သော လူသားအရင်းအမြစ် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ မြေပြင် ထွန်ယက်သည်မှ ရိတ်သိမ်းခြွေလှေ့သည်အထိ အသုံးပြုရန် လိုအပ်သော စက်ကိရိယာများကို ခွဲခြားပြီး ထိရောက်သည့် သင်ကြားပေးမှုဖြစ်ရန် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး မှာကြားပြီး သင်ကြားမှု အထောက်အကူပြု စက်ကိရိယာ ပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC သို့ရောက်ရှိပြီး သင်တန်းပို့ချ ဆွေးနွေးမှုများတွင် ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး သင်တန်းခန်းမများ၊ စားရိပ်သာဆောင်နှင့် သင်တန်းသား အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ်တွင် သီးနှံမျိုးများအလိုက် ၊ မျိုးကွဲမျိုးစိတ်များအလိုက် မျိုးစေ့များ စုဆောင်းထိန်းထားရှိမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊ စာကြည့်တိုက်နှင့် သင်တန်းခန်းမများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်