ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တနင်္သာရီတိုင်းဒေသကြီး၏ သားငါးထုတ်လုပ်ရေး လုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဇွန် ၇ ရက် နံနက်ပိုင်းက မြိတ်မြို့နယ် မြိတ်တောင်အုပ်စု ကုန်းဖောက် ရပ်ကွက်ရှိ ပုဂ္ဂလိက ဥစားကြက်မွေးမြူရေးခြံ၌ ဥစားကြက်ကောင်ရေ (၈၀၀၀၀) မွေးမြူထားရှိမှု၊ ကြက်ဥများ ဖြန့်ဖြူးရောင်းချမှုနှင့် ကြက်ချေးမှ ဇီဝငွေ့ထုတ်၍ လျှပ်စစ်မီး သုံးစွဲရန် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုအားပေးပြီး ကူးစက်ရောဂါ ကာကွယ်တားဆီးရေး အတွက်စဉ်ဆက်မပြတ် စောင့်ကြည့်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အင်းလေးမြိုင် စက်မှုဇုန်သို့ သွားရောက်ပြီး ပုဂ္ဂလိက အအေးခန်းစက်ရုံများမှ ရေထွက်ပစ္စည်းများကို ပြုပြင်အေးခဲ၍ EU, JAPAN, SAUDI, CHINA, THAILAND နိုင်ငံများသို့တင်ပို့ရန်ဆောင်ရွက်နေမှု၊ ကဏန်းပျော့ အေးခဲထုပ်ပိုးနေမှုကိုလည်ကောင်း၊ ကျောက်ဖျာရွာရှိ ပုဂ္ဂလိက အအေးခန်း စက်ရုံ၏ ငါးသေတ္တာ၊ အသားစည်သွပ်ဗူးများနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များ ထုတ်လုပ်နေမှုအဆင့်ဆင့်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပို့ကုန်အရည်အသွေး မြင့်မားရေးနှင့် စံချိန်စံညွှန်းများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရန် အကြံပြုဆွေးနွေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ကလွင်ကျေးရွာရှိ ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းစခန်း (GAqP Model Fram) အဆင့်မြှင့်တင်ရေးလုပ်ငန်းခွင်၏ တာပတ်ခြင်း၊ ကန်တူးဖော်ခြင်း၊ မြေသားပြုပြင်ခြင်းနှင့် ဓာတ်ခွဲခန်း တည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးပြီး ငါးမွေးတောင်သူများ အားထားရသည့် ရေငန်ငါးသားဖောက် စခန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဒေသနှင့်ကိုက် ညီသော ရေငန်ငါးစီးပွားဖြစ် မွေးမြူနိုင်မည့် အမယ်သစ် ငါးသားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး သုတေသနပြုရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်