ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၅)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးဖွင့်ပွဲသို့ တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၆
 
မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၅)ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဌာနချုပ်တွင် ကျင်းပသည်။ 

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ လွတ်လပ်စွာ စေတနာအလျောက် ကူညီဆောင်ရွက် ပေးနေသည့် အသင်းတစ်ရပ်ဖြစ်ပြီး လူသားခြင်းစာနာ ထောက်ထားမှုနယ်ပယ်တွင် နိုင်ငံတော်၏ အရန်အင်အားအဖြစ် ကြက်ခြေနီလုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက် ပေးနေတာကိုတွေ့ရှိရပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ၊ သဘာဝ ဘေးအန္တရာယ်များနှင့် လူသားတို့၏ ပရောဂကြောင့်ဖြစ်ပွားသည့် ဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့နေရပြီး အဆိုပါ ကာလများအတွင်း အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက်  အကူအညီလိုအပ်နေသည်များကို ကြက်ခြေနီအသင်းများက  ကြက်ခြေနီအခြေခံမူများနှင့် အညီ လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ ပေးနေကြသည်ကို မြင်တွေ့ နေရပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေန်အသင်းအနေဖြင့် နိုင်ငံတော်အတွင်း၌ လူသားခြင်း စာနာထောက်ထားသည့် အကူအညီများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေကြသည့်အတွက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ မြန်မာနိုင်ငံကို စတင်ကူးစက်ပြန့်ပွားချိန်ကစပြီး ယနေ့အထိ စိတ်အားထက်သန်စွာ အများပြည်သူအတွက် လိုအပ်သည့် ကျန်းမာရေးအသိပညာပေးမှု၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အောက်စီဂျင်ကစ လိုအပ်သည့်ဆေးဝါးတွေကို ရှာဖွေထောက်ပံ့ပေးခြင်း များအပါအဝင် ကာကွယ်ဆေးထိုးသည့်အချိန်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ တိကျစွာပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း၊ ရှေ့ဆက်ပြီး အများပြည်သူ အကျိုးအတွက် တတ်စွမ်းသည့်ဘက်မှ ဆက်လက်ပါဝင်ကူညီပေးကြရန်လည်း အသင်းဝင်များ အားလုံးကို တိုက်တွန်းလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှာ လူမှုကရုဏာ အဖွဲ့အစည်း တစ်ခု ဖြစ်သည်နှင့်အညီ အသင်း၏ရည်ရွယ်ချက် (၁၂) ချက်ကို အောင်မြင်စွာအကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေးအတွက် ပြဌာန်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်က အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ ပြခန်း ငယ်အား ကြည့်ရှုကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/ အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ နှီးနွယ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် ဖိတ်ကြားထားသူများ၊ ကြက်ခြေနီဗဟို ကောင်စီဝင်ပြည်နယ်နှင့် တိုင်းဒေသကြီးများ မှ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့်  ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသားအသင်းများမှ ဌာနေကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှအထွေထွေအတွင်းရေးမှူး၊ ဒုတိယ အထွေထွေအတွင်းရေးမှူး များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။

(၈၅)ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေးကို ဇန်နဝါရီ(၆)ရက်မှ ဇန်နဝါရီ (၇)ရက်အထိ (၂) ရက်တာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်