ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၃/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် မေ ၁၁

မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံရေကူး သင်တန်းအမှတ်စဉ်(၃/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၈) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများ၊ နည်းပြဆရာ ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ၊ တာဝန်ရှိသူ များနှင့် မိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ၊ ရေကူးအားကစားနည်းမှ မျိုးဆက်သစ် ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် အရေးကြုံက သက်လုံကောင်းစေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်စေရန်အတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် အောင်မြင် မှုရရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သင်တန်းသား/ သင်တန်းသူများ အနေဖြင့်လည်း သင်တန်းမှရရှိသည့် နည်းစနစ်နှင့် ကျွမ်းကျင်မှု များကိုအခြေခံပြီး အဆင့်မြင့်ရေကူး အားကစားပညာရပ်များကို ဆက်လက်လေ့လာ ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အသက်(၁၆)နှစ် အထက် (အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုတံ ဆိပ်နှင့် ဆုကြေးငွေများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်းက လည်းကောင်း၊ အသက်(၁၂)နှစ်အထက် (အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုတံဆိပ်နှင့်ဆုကြေးငွေများကို လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း က လည်းကောင်း၊ အသက်(၁၂)  နှစ်အောက် (အမျိုးသား/ အမျိုးသ မီး)ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဆုတံဆိပ်နှင့်ဆုကြေးငွေများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်းကလည်း ကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းတွင် ပထမ ဆုရရှိခဲ့သူ(၆)ဦးကို ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် အခမဲ့ရေကူးခွင့် (Mumber) ကဒ်များ ဂုဏ်ပြု ပေးအပ်သည်။

အဆိုပါ နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ်(၃/၂၀၂၃)ကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ဧပြီ ၂၂ ရက်မှ မေ ၁၁ ရက်အထိ သင်တန်းသား/သင်တန်းသူ (၁၃၅)ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်