နေပြည်တော် ဒီဇင်ဘာ ၇

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် တောင်ကြီးပညာရေး ဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းသား ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းဆောင်ရွက်နေမှုများကိုလှည့်လည်ကြည့်ရှုသည်။  

ထိုသို့ ကြည့်ရှုစဉ် မိမိတို့ကိုယ်တိုင် ကျန်းမာကြံ့ခိုင်ရုံသာမက ဆရာ ဆရာမများ ဖြစ်လာကြ သောအခါ တပည့်ကျောင်းသား ကျောင်းသူများကို အားကစားနှင့် ကာယပညာများ ပြန်လည် သင်ကြားပေးနိုင်ရန်အတွက် ယခုအချိန်ကတည်းက ကြိုးစားလေ့ကျင့်သင်ယူထားကြရန်မှာ ကြားပြီး ပညာရေးဝန်ကြီးဌာနက ဝယ်ယူဖြည့်တင်းပေးထားသော အားကစားပစ္စည်းများကို ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများကို လွှဲပြောင်းပေးအပ်ကြကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေဘေးကြုံတွေ့ခဲ့ရသည့် ကျောင်းများဖြစ်ကြသည့် ညောင်ရွှေမြို့နယ် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ကလောမြို့နယ် မကွေကျေးရွာ အခြေခံပညာမူလတန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ရေဘေးကြောင့် ပျက်စီးဆုံး ရှုံးခဲ့ ရမှုများပြန်လည်ပြင်ဆင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုသည်။

ထို့နောက် ကလောမြို့နယ် နန်းပန်တက် အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုကို ကြည့်ရှုအားပေးကာ အခြေခံပညာ အလယ်တန်းပြီးမြောက် အောင်မြင်သူများအနေဖြင့် အထက်တန်းပညာကို ဆက်လက်သင်ယူ နိုင်သကဲ့သို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက် တန်းကျောင်း များသို့ ဆက်လက်သင်ယူခွင့်ရရှိနိုင်သည့် အခွင့်အလမ်းများကို ရပ်ရွာပြည်သူလူထု ကျယ်ကျယ် ပြန့်ပြန့်သိရှိရေးအတွက် စည်းရုံးအသိပေးကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်