ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ညောင်ဦးမြို့နယ် တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော်  ဇူလိုင် 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်သို့ရောက်ရှိပြီး သူကောင်းတည် လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေပေးဝေရေး လုပ်ငန်းများနှင့်  ရေသောက်ဧရိယာအတွင်း   စိုက်ပျိုးထားရှိသည့် နွေစပါး ဆင်းသုခ မျိုးစေ့ထုတ် စံပြစိုက်ကွက်၏ ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ငါ့သရောက်၊ လက်ပံခြေပေါ်၊ သူကောင်းတည်၊ ကျောက်ကူး၊ လောကနန္ဒာ စသည့် မြစ်ရေတင်စီမံကိန်း ()ခု၏ ရေသောက်ဧရိယာ၏ ရေတင်အဆင့်အလိုက် စိုက်ပျိုးသင့် သည့် သီးနှံပုံစံနှင့် လက်ရှိစိုက်ပျိုးလျက်ရှိသည့် သီးနှံများ၊ တစ်ဧကချင်းအပေါ် ရေပေးဝေနိုင်မှုနှင့် ရေတင် အဆင့်အလိုက် ကုန်ကျစရိတ်များ၊ နှစ်စဉ် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးသည့် သီးနှံပုံစံများကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သီးထပ်စွမ်းအားတိုးတက်ရေး၊ ရေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် အဆင့်မြင့် လယ်ယာမြေစနစ်ဖော်ဆောင်ရန် အခွင့်အလမ်းများနှင့် လိုအပ်ချက်များ၊  ဧရာဝတီမြစ်မှရေကို အဆင့်ဆင့်တင်ယူ၍ ရေပေးမြောင်းမကြီးတစ်လျှောက် ပို့လွှတ်ပေးရခြင်းကြောင့် ရေတင်အဆင့် မြင့်လာသည်နှင့်အမျှ ရေလိုအပ်ချက်နည်းသည့် သီးနှံများစိုက်ပျိုးရန် လိုအပ်ချက်များ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ သီးနှံများပါဝင်သည့် သီးနှံပုံစံများ ကို စမ်းသပ်စိုက်ပျိုးကြရန်နှင့် အစုအဖွဲ့ဖြင့် မျိုးစေ့ထုတ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကြိုးပမ်းသွားကြရန် ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မြစ်ရေတင်စီမံကိန်းကြောင့် ဒေသ၏လူမှုစီးပွား ပြောင်းလဲ တိုးတက်လာမှု ဝမ်းစာဖူလုံမှု အခြေအနေများကို မေးမြန်း ဆွေးနွေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ညောင်ပင်ကန်၊ ချောင်းရှည်၊ လက်ပံခြေပေါ် ၊ အင်ပင် ဝကျေးရွာတို့မှ မြေပဲ၊ နှမ်း တောင်သူများအား ညောင်ဦးစိုက်ပျိုးရေး သုတေသနခြံ၌တွေ့ဆုံ၍ အပူပိုင်းဒေသ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး ပညာရှင်များ၊ သုတေသီများနှင့် တောင်သူစဉ်ဆက်မပြတ် ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်ချက်များ၊  ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက် ဖော်ဆောင်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးပြီး  မှိုစိုက်ပျိုးနည်း၊ မြေဆွေးထုတ်လုပ်နည်း၊ အပူပိုင်း ဒေသသီးနှံစိုက်ပျိုးထုတ်လုပ်နည်း ပညာပေးဗီဒီယိုများပြသသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် တိုင်းရင်းကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးပြီး မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူနှစ်သက်ပြီး ဈေးကောင်းရသည့် တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းများ တိုးပွားလာစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ မွေးမြူရေးတောင်သူများ ဝိုင်းဝန်း ကြိုးပမ်းကြရန်နှင့် စုပေါင်းဆောင်ရွက်သည့် သမဝါယမလုပ်ငန်းအဖြစ် လုပ်ကိုင်လိုပါက သက်ဆိုင်ရာဌာန နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ညောင်ဦးခရိုင် အတွင်းရှိ စိုက်ပျိုးမြေတစ်ဧကချင်း၏ ထုတ်လုပ်မှုမြင့်မားရေး၊ သီးနှံပုံစံမှန်ကန်ရေးနှင့် တောင်သူအကျိုးအမြတ် ပိုမိုရရှိစေမည့် သီးနှံပုံစံချမှတ်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)