ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ၃၁ ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

ရန်ကုန် မတ် ၂၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ကြီးမှူး၍  မတ် ၂၃ ရက်မှ ၂၆ ရက်အထိ လာအိုနိုင်ငံ၊ လွမ်ပရာဘန်မြို့၌ ကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့်အစည်းအဝေး (The 31st Meeting of the ASEAN Socio-Cultural Community (ASCC) Council) သို့  တက်ရောက်ပြီး မတ် ၂၆ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

အစည်းအဝေး၌ လာအိုနိုင်ငံ၊ အာဆီယံ လူမှု-ယဉ်ကျေးမှုဝန်ကြီး၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး Mrs. Sunanesavanh VIGNAKET က သဘာပတိ အဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စ်တေနိုင်ငံတို့မှ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်အရာရှိကြီးများ၊ လာအို နိုင်ငံ၊ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်၏ ဆက်စပ်ဝန်ကြီးဌာနများမှ ဝန်ကြီး များ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

အစည်းအဝေးပထမပိုင်းတွင် အိမ်ရှင်လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ၂၀၂၅ အလွန် အာဆီယံ-လူမှုယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်၏ မဟာဗျူဟာအစီအစဉ်ရေးဆွဲရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ၄၄ ကြိမ်နှင့် ၄၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြမည့် မှတ်တမ်းမှတ်ရာ များ၊ အစည်းအဝေးအစီရင်ခံစာများ၊ ကြေညာချက်များနှင့် ၃၁ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ၏ မှတ်တမ်းအကျဉ်းချုပ်တို့ကို အတည်ပြုနိုင်ရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အစည်းအဝေး ဒုတိယပိုင်းတွင် လာအိုနိုင်ငံ၊ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း မဏ္ဍိုင်၏ ဆက်စပ်ဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့် မျက်နှာစုံညီအစည်းအဝေး ပြုလုပ် ကြပြီး ၂၀၂၅ အလွန် အာဆီယံ-လူမှုယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ မဟာဗျူဟာ အစီအစဉ် ရေးဆွဲရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုတို့နှင့် စပ်လျဉ်း၍  အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်  ဆက်စပ်လုပ်ငန်းအစုအဖွဲ့များ၏ ကြုံတွေ့နေရသည့် အဓိကဦးတည်ရာများ၊ ၂၀၂၅ အလွန် အာဆီယံပြည်သူများ၏ ဘဝကောင်းကျိုးချမ်းသာ တိုးတက်စေရေးအတွက် အာဆီယံ၏ လုပ်ငန်းစဉ်များကို ပိုမိုခိုင်မာအောင် မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်အနေဖြင့် နောင်လာမည့် နှစ်၂၀ အတွင်း မဏ္ဍိုင်၏ အဓိကနယ်ပယ်များဖြစ်သည့် အားလုံးပါဝင်သည့် တက်ကြွကြံ့ခိုင်၍ ရေရှည်တည်တံ့ခိုင်မြဲမည့် အသိုက်အဝန်းနှင့် အာဆီယံ၏ စရိုက်လက္ခဏာများကို မြှင့်တင် ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျ တာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုယဉ်ကျေးမှုဆိုင်ရာ ဦးစားပေး လုပ်ငန်းများကို တက်ရောက်လာကြသည့် အာဆီယံအသိုက်အဝန်း ကောင်စီဝန်ကြီးများနှင့်အတူ ကြိုဆိုထောက်ခံပါကြောင်း ဆွေးနွေးပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီ အဆင့်မြင့်အရာရှိကြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၃၁ ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီအစည်းအဝေးနှင့်အတူ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ ADME (ASEAN Database for Monitoring and Evaluation System) စတင်ဖွင့်လှစ်သည့် အခမ်းအနားနှင့် ၃၁ ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေးအထိမ်းအမှတ်အဖြစ် လာအိုနိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

လွမ်ပရာဘန်မြိုသို့ ရောက်ရှိနေစဉ် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဆွမ်းလောင်းလှူပွဲ၊ Xieng Thong Temple လွမ်ပရာဘန်မြို့အမျိုးသားပြတိုက်နှင့် Tat Kuang Si ရေတံခွန်များသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်