ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံယဉ်ကျေးမှုပြတိုက်အား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၁၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် မေ ၁၁ ရက် မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက်ရှိ ယဉ်ကျေးမှုပြတိုက်သို့ရောက်ရှိပြီး ပြတိုက်သို့ လာရောက် လေ့လာသူများ စိတ်ပါဝင်စားမှုရရှိစေရေးအတွက် လုံလောက်သော အလင်းရောင်ရရှိစေရေး ဆောင်ရွက်ရန်၊ ခင်းကျင်းပြသထားသည့် ပစ္စည်းအမျိုးအမည်နှင့် လိုက်ဖက်ညီသည့် အရောင်များကို ရွေးချယ်ခင်းကျင်းပြသရန်နှင့် လာရောက်လေ့လာသူများ သက်တောင့်သက်သာဖြင့် ကြည့်ရှုနိုင်ရေးအတွက် ပြသပစ္စည်းများကို သင့်တော်သည့်နေရာတွင် ပြောင်းလဲခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အမှတ် (၄) ရပ်ကွက်ရှိ ယဉ်ကျေးမှုပြတိုက်အသစ်သို့ သွားရောက်ကြည့်ရှုပြီး ခင်းကျင်းပြသရာတွင် အများပြည်သူ စိတ်ပါဝင်စားမှုရရှိစေရေးအတွက် ပြခန်းအနေအထားပေါ်မူတည်ပြီး ပစ္စည်းများကို ပြောင်းရွှေ့ခင်းကျင်း ပြသထားရှိသွားရန်၊ ပြခန်း များတွင် Touch Screen နှင့် ဆက်စပ်ပစ္စည်းများ အသုံးပြု၍ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို လွယ်ကူစွာ လေ့လာသိရှိနိုင်ရေး ထားရှိဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်