ဒုတိယဝန်ကြီး ဉီးအေးကျော် မိုခါမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလိုင်းများပြန်လည်ပြုပြင်နေမှုကြည့်ရှု့စစ်ဆေး

နေပြည်တော် မေ ၂၀  

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော် သည်  ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ယမန်နေ့က  စစ်တွေမြို့၌ သဘာဝဘေးအန္တရာယ် မိုခါမုန်တိုင်းကြောင့် ပျက်စီး ခဲ့မှုများမှ  ဓာတ်အားအမြန်ဆုံးပို့လွှတ်ဖြန့်ဖြူးနိုင်ရေး ဓာတ်အားခွဲရုံများ၊ ဓာတ်အားပို့ လွှတ်ရေးလိုင်းများနှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေး လိုင်းများပြန်လည်ပြင်ဆင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည်  စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာမှ မေယု လမ်းမကြီးတစ်လျှောက်နှင့် ကမ်းနားလမ်း ဆေးရုံကြီးအနီး မြို့တွင်းဖြန့်ဖြူးရေး ဓာတ်အား လိုင်းများ ပြုပြင်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် စစ်တွေမြို့ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၁)သို့ သွားရောက်၍ Switch Yard နှင့် Control Room အခြေအနေများ၊ ဝန်ထမ်းအိမ်ရာပျက်စီးမှု အခြေအနေများ၊ နေပြည်တော်စတိုနှင့် မကွေးတိုင်းဒေသကြီးမှ သယ်ဆောင်လာသော ဓာတ်အားလိုင်းဆက်စပ်ပစ္စည်းများ ရောက်ရှိမှုတို့ကို ကြည့်ရှု့စစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ ၆၆/၁၁ ကေဗွီ ဆတ်ရိုးကျ ဓာတ်အားခွဲရုံသို့ သွားရောက်၍ Switch Yard အတွင်းရှိ ဓာတ်အားခွဲရုံဆက်စပ်ပစ္စည်းများ ပျက်စီးမှုနှင့် နေပြည်တော်စတိုမှ သယ်ဆောင်လာသော ဓာတ်အားလိုင်းဆက်စပ်ပစ္စည်းများ ရောက်ရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ 
 
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စစ်တွေမြို့သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသည့် ၆၆ ကေဗွီ ဓာတ်အားလိုင်းရှိ ပြိုကျပျက်စီးနေသည့် တာဝါတိုင်များ ဖြုတ်သိမ်းခြင်းနှင့် ပြန်လည်ပြုပြင်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ရရှိရေးလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိရာ ပြိုလဲပျက်စီးသွားခဲ့သည့် ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းမှ ဓာတ်အားပို့လွတ်ရေးတာဝါတိုင်(၁၄)တိုင် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများဖြင့် အဖွဲ့များဖြန့်ခွဲ၍လည်းကောင်း၊ မြို့တွင်းဓာတ်အားဖြန့်ဖြူးရေး လိုင်းများမှ အမြန်ဆုံးဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရောက်ရှိလာသည့် ကျွမ်းကျင်ဝန်ထမ်းများဖြင့် အဖွဲ့များဖြန့်ခွဲ၍လည်းကောင်း အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပြင်ဆင်ခြင်းလုပ်ငန်းများအား  အချိန်မီ ပြုပြင်ပြင်ဆင်နိုင်ရန်အတွက် ကရိန်းယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများအား ရေယာဉ်၊ မော်တော်ယာဉ်အသီးသီးတို့ဖြင့် ပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်