ဒုတိယဝန်ကြီး ဦးအောင်မြိုင် ရထားလမ်းများ အဆင့်မြှင့်တင်ပြုပြင်နေမှုနှင့် လမ်းသစ် ဖောက်လုပ်နေမှုများကြည့်ရှုစစ်ဆေး

 

နေပြည်တော် မတ်  ၃၁

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တာဝန်ရှိသူ များနှင့်အတူ မတ် ၂၈ ရက်မှ ၃၁ ရက်အထိ ရထားလမ်းများ အဆင့်မြှင့်တင်ပြုပြင်နေမှုနှင့် လမ်းသစ် ဖောက်လုပ်နေမှုများကိုကြည့်ရှုစစ်ဆေးသည်။

 

ဒုတိယဝန်ကြီးသည် သာစည် - မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှု အခြေအနေ ကို သာစည်ဘူတာမှ ပန်းအိုင်ဘူတာအထိ RBE ရထားဖြင့်လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး ရထားလမ်း အတွင်း ကွန်ကရစ်ဇလီဖားတုံးများ သတ်မှတ်အကွာအဝေးအတိုင်း ထည့်သွင်းရန်၊  အရည်အသွေးပြည့် မီသော လမ်းခင်းကျောက်များ သတ်မှတ်စံချိန် စံညွှန်းအတိုင်း ထည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ ရထားလမ်းတာဘောင် ကျဉ်းသောနေရာများ၊ ရေတိုက်စားထားသော နေရာများတွင် လမ်းပိုင်းကြံခိုင်မှု ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်သွားရန်၊ ရထားလမ်းဘေးရှိ တော၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ရန်နှင့် သတ်မှတ် ကာလအတွင်း လုပ်ငန်းများအချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် တို့ကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ပင်းပက် - နောင်ကား ရထားလမ်းသစ် ဖောက်လုပ်နေမှု အခြေ အနေကို ဆက်လက်စစ်ဆေးပြီး သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်း တံတားနှင့် Box Culvert များ တည်ဆောက်ရာ၌  စံချိန်စံညွှန်း အတိုင်း အရည်အသွေးပြည့်မီစေရေး Quality Control ကို အလေးထား ဆောင်ရွက်ရန်၊ တာဘောင်မြင့်သည့် နေရာများတွင် Toe Wall များ တည်ဆောက်ရန်၊  သံလမ်း၊ ကွန်ကရစ်ဇလီဖား ခင်းခြင်းနှင့် လမ်းခင်းကျောက်ထည့်သွင်းခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန်၊ သံလမ်းခင်းရာတွင်လည်း သတ်မှတ်ထားသည့် Gradient နှင့် ကွေ့များတွင် Alignment  မှန်ကန်မှုရှိ စေရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီဖောက်လုပ် ပြီးစီးအောင် ဆောင်ရွက်ရန် တို့ကို မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေညောင် - အေးသာယာ - ပေါမူ - ထီသိမ် - ရေထွက်ဦး - တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် သာစည် - နေပြည်တော် ရထားလမ်းပိုင်းကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ လက်ရှိရထားလမ်းပိုင်း၏ အခြေအနေ၊ ယင်းရထားလမ်းပိုင်းရှိ ဘူတာများနှင့်  ဘူတာယာဒ်ဝင်းများကို ကြည့်ရှုစစ်ဆေးပြီး ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဘူတာနှင့် ဘူတာ ယာဒ်ဝင်းအတွင်း ပန်းအလှပင်များ စိုက်ပျိုးရေး၊ ယင်းလမ်းပိုင်းတွင် အမြန်နှုန်းတိုးမြှင့်ပြေးဆွဲနိုင်ရေး အတွက် လမ်းပိုင်းကြံ့ခိုင်မှုကောင်းမွန်အောင်ဆောင်ရွက်ရေးနှင့်  ရထားစီးခရီးသွားပြည်သူများ စိတ် အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)