ဒုတိယဝန်ကြီး ဦးအောင်မြိုင် သာစည် - မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၈

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တာဝန်ရှိသူများနှင့်အတူ မေ ၄ ရက်မှ ၆ ရက်အထိ သာစည် - မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင်နေမှု၊ မြင်းခြံ - ပုဂံနှင့် ပုဂံ - ကျောက်ပန်းတောင်း - တောင်တွင်းကြီး ရထားလမ်းပိုင်းများ၊ ရထားလမ်း တံတားများနှင့် ဘူတာများကို စစ်ဆေးသည်။

 

ဒုတိယဝန်ကြီးသည် သာစည် - မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင်နေမှုကို ပန်းအိုင်ဘူတာမှ မြင်းခြံဘူတာထိ RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး ကွန်ကရစ်ဇလီဖားတုံးများ သတ်မှတ်အကွာအဝေးအတိုင်း ထည့်သွင်းရန်၊ သံလမ်းများစနစ်တကျ ခင်းကျင်းရန်၊ အရည်အသွေး ပြည့်မီသော လမ်းခင်းကျောက်များ စံချိန်စံညွှန်းအတိုင်း ထည့်သွင်းရန်၊ ဆွေးမြေ့နေသည့် သစ်သား ဇလီဖားများလဲလှယ်ရန်၊ ရထားလမ်းတာဘောင် ရေတိုက်စားပြီးကျဉ်းသော နေရာများတွင် တာဘောင်မြေဖို့ပြီး Compaction ကောင်းအောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအချိန်မီပြီးစီးရေး ဆောင်ရွက်ရန်နှင့်  မြင်းခြံ - ပုဂံ ရထားလမ်းပိုင်းရှိ တော၊ ချုံနွယ်များရှင်းလင်းရန်၊ လမ်းပိုင်းကြံ့ခိုင်မှု ကောင်းမွန်အောင် ဆောင်ရွက်ရန်တို့ကို  ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုဂံ - ကျောက်ပန်းတောင်း - တောင်တွင်းကြီး ရထားလမ်းပိုင်းအခြေအနေကို RBE ရထားလိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး ရန်ကုန် - ပုဂံ ရထားများ ပြေးဆွဲနေသည့် လမ်းပိုင်းဖြစ်သဖြင့် လမ်းပိုင်းကြံခိုင်မှုကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ဘူတာနှင့် ဘူတာဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို ဆွေးနွေးမှာကြားသည်။

 

ထို့ပြင် ဒုတိယဝန်ကြီးသည် ရန်ကုန် - ပုဂံ ပြေးဆွဲသည့် ရထားတွဲဆိုင်းများကို စစ်ဆေးပြီး သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရထားထွက်ချိန်မှန်ကန်စေရေး၊ လေဝင်/လေထွက်ကောင်းမွန်စေရေး၊ ပြတင်းပေါက်များ အလွယ်တကူအတင်အချပြုလုပ်နိုင်ရေး၊ ရထားပေါ်တွင် ခရီးသွားပြည်သူများ သုံးရေပြတ်လပ်မှုမရှိစေရေး၊ လက်မှတ်ဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး၊ ဘူတာများတွင် အများသုံးသန့်စင်ခန်းများ အဆင်ပြေစွာအသုံးပြုနိုင်ရေးနှင့် ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

 

သတင်းစဉ်