ဒုတိယဝန်ကြီး ဦးအောင်မြိုင် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် သည် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ ယမန်နေ့က တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု၊ အဆိုပါရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများအပြင် တောင်ငူဘူတာနှင့် ပျဉ်းမနားဘူတာတို့ရှိ ဝန်ထမ်းနေအိမ် လိုင်းခန်းများနှင့် ဒီဇယ်စက်ခေါင်းပြင်စက်ရုံ (ပျဉ်းမနား) တို့ကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း၌ မိုင်နှုန်း မြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး ရထားလမ်းကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းရသည့် လုပ်ငန်းများဆောင်ရွက်ရန်၊ ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ငူဘူတာနှင့် ပျဉ်းမနားဘူတာများရှိ ဝန်ထမ်းနေအိမ် လိုင်းခန်းများကို စစ်ဆေးခဲ့ပြီး အိမ်ရာကြီးကြပ်ရေးအဖွဲ့အား စနစ်တကျဖွဲ့စည်း၍ ပုံမှန်စစ်ဆေးပြီး ပျက်စီးမှုများကို ပြန်လည်ပြုပြင်ရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဒီဇယ်စက်ခေါင်းပြင်စက်ရုံ(ပျဉ်းမနား)သို့ သွားရောက်၍ စက်ခေါင်းများပြုပြင်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျ ကောင်းမွန်အောင် ပြုပြင်ရေး၊ Spare Parts များ လုံလောက်မှုရှိစေရေး၊ ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှုတိုးတက်စေရေး၊ စက်ရုံရှိစက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင်ကောင်းမွန်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေး စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။

သတင်းစဉ်