ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဝန်ချိန်ပြည့်ဖြင့် ရထားစမ်းသပ်မောင်းနှင်မှုနှင့် တောင်ကြီးဘူတာကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၈

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် စက်တင်ဘာ ၆ ရက်မှ ၈ ရက်ထိ မြန်မာ့မီးရထား အထွေထွေမန်နေဂျာများ၊ တိုင်း အမှတ်(၄) မှ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ၊ ထီသိမ် ဘူတာများ၊ ထီသိမ်အဝိုင်းပတ် ရထားလမ်း၊ ပင်းပက်-နောင်ကား - တောင်ကြီး ရထားလမ်းပိုင်း၌ ကျောက်ရထားဖြင့် လိုက်ပါ၍ ဝန်ချိန်ပြည့် စမ်းသပ်ပြေးဆွဲမှုနှင့် တောင်ကြီးဘူတာတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဉီးစွာ ဒုတိယဝန်ကြီးသည် အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းကို စစ်ဆေးပြီး အဆိုပါရထားလမ်းပိုင်းရှိ အချို့နေရာများတွင် ပက်ကင်ရိုက်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်၊ တာဘောင်မြင့်သည့် နေရာများတွင် Toe Wall များ စနစ်တကျ တည်ဆောက်ရန်နှင့် လမ်းပိုင်းအတွင်း အသုံးပြုရန်မလိုတော့သည့် သံလမ်း၊ ကွန်ကရစ် ဇလီဖားနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျပြန်လည် သိမ်းဆည်းခြင်းနှင့် အမှိုက်ရှင်းလင်းခြင်းများ ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပင်းပက် - နောင်ကား-တောင်ကြီး ရထားလမ်း၌ ကျောက်ရထားဖြင့် ဝန်ချိန်ပြည့် စမ်းသပ်မောင်းနှင်မှုကို လိုက်ပါစစ်ဆေးရာ သတ်မှတ်မှိုင်နှုန်းအတိုင်း ကောင်မွန်စွာ ပြေးဆွဲ မောင်းနှင်နိုင်ကြောင်းတွေ့ရှိရပြီး ကျောက်ဖြည့်သွင်းရန် လိုအပ်သည့်နေရာများတွင် ကျောက်ထပ်မံ ဖြည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်၊ လမ်းပိုင်းအ ချောသတ်ခြင်း လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်လမ်းပိုင်းအတွင်းရှိ တံတားနှင့်     Box Culvert များ ရေရှည်ခိုင်ခန့်မှုရှိစေရေး မြေထိန်းနံရံများ စနစ်တကျ ဆောင်ရွက်ရန်၊ ရထားလမ်းတာဘောင် ရေတိုက်စားမှုနည်းစေရန်အတွက် မြက်ကပ်စိုက်ပျိုးထားမှုကိုရှင်သန်အောင် ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

 

ထို့ပြင် ဒုတိယဝန်ကြီးသည်တောင်ကြီးဘူတာကိုစစ်ဆေးပြီး ရထားပြေးဆွဲရာတွင် အန္တရာယ်ကင်းရှင်းစေရေး အတွက် အရေးကြီးသည့် Point နှင့် အချက်ပြစနစ်များ ကောင်းမွန်စေရေးနှင့် ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)