ဒုတိယဝန်ကြီး ဦးအောင်ထူး EU ARISE+ ASEAN Intellectual Property Rights မှ ကိုယ်စားလှယ်အဖွဲ့၊ US Patent and Trademark Office မှ ကိုယ်စားလှယ်အဖွဲ့နှင့် Olam International Limited မှ ကိုယ်စားလှယ်အဖွဲ့တို့အား သီးခြားစီ လက်ခံတွေ့ဆုံ

နေပြည်တော် ၁၄ ဇွန်
    

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် EU ARISE+ ASEAN Intellectual Property Rights (EUIPO) မှ Project Leader , Mr. Tiago Guerreiro နှင့် US Patent and Trademark Office (USPTO), Office of Regional Intellectual Property Attache’ for Southeast Asia ၏ Intellectual Property Attache’ , Ms. Kitisri Sukhapinda, Ph.D, J.D.  နှင့်အဖွဲ့တို့အား ယနေ့နံနက်ပိုင်းတွင်လည်းကောင်း၊ Olam International Limited မှ Mr. Sameer Kaushal နှင့်အဖွဲ့အား မွန်းလွဲပိုင်းတွင် လည်းကောင်း ဝန်ကြီးရုံး၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။ 
    

EUIPO မှ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် EUIPO အနေဖြင့် မူပိုင်ခွင့်ရုံး၏ နည်းပညာ အသုံးပြု ရုံးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးရေး၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရေးနှင့် မူပိုင်ခွင့်ပညာရပ်ဆိုင်ရာ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးတို့အတွက် သင်တန်းများ ပံ့ပိုးပေးနိုင်ရေး၊ မူပိုင်ခွင့်ရုံး၌ ဘွဲ့ရလူငယ်များနှင့် ပြင်ပဥပဒေ အဖွဲ့အစည်းများမှ လူငယ်များအား Internship ခေါ်ယူသွားနိုင်ရေး၊ မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ အများပြည်သူသို့ အသိပညာပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ 
    

USPTO မှ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ရုံး ဖွင့်လှစ် နိုင်ရေးအတွက် ကြုံတွေ့နေရသော အခက်အခဲများအား USPTO ၏ အတွေ့အကြုံ၊ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများဖြင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ မူပိုင်ခွင့်ရုံးအား ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်သွားနိုင်ရေးနှင့် မူပိုင်ခွင့်ရုံး၏ Front Office နှင့် Desk Office များ ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပေးသွားနိုင်ရေး၊ မူပိုင်ခွင့်ရုံးဆိုင်ရာ ဝက်ဘ်ဆိုဒ်အား ဖွင့်လှစ်နိုင်ရေးနှင့် နည်းပညာဆိုင်ရာ ချိုးဖောက်မှုများ (Online Infringement) များအား ကာကွယ်နိုင်ရေးအတွက် Cyber Security ထားရှိဆောင်ရွက်နိုင်ရေး၊ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဆိုင်ရာလျှောက်လွှာများ စနစ်တကျ စိစစ်လက်ခံဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စ ရပ်များအား အသေးစိတ် ဆွေးနွေးခဲ့ကြသည်။ 
    

Olam International Limited မှ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် ၂၀၁၉ ခုနှစ် ဧပြီလလယ်ခန့်တွင် အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ကြုံတွေ့ရသော အခက်အခဲများအား ဝိုင်းဝန်းဖြေရှင်းရေး၊ အိုင်ဗရီကို့စ်နိုင်ငံနှင့် အာဖရိကတိုက်နိုင်ငံများသို့ ဈေးကွက်ထိုးဖောက်ဝင် ရောက်နိုင်မှုနှင့် မြန်မာ့ဆန်အရည်အသွေးအား ယုံကြည်မှုမြင့်တက်စေရေးအတွက် မြန်မာ- အိုင်ဗရီကို့စ် နှစ်နိုင်ငံ ကိုယ်စားလှယ်များ အပြန်အလှန် ကိုယ်စားလှယ်အဖွဲ့စေလွှတ်၍ ညှိနှိုင်း ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
 

သတင်းစဉ်

 

1