ဒုတိယဝန်ကြီး ဦးအေးကျော် ၆၆ ကေဗွီ ရပ်စောက် ဓာတ်အားခွဲရုံ၊ အမှတ် (၁) ဇော်ဂျီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ၆၆ ကေဗွီ ညောင်ရွှေဓာတ်အားခွဲရုံတို့၏ ဓာတ်အားဖြန့်ဖြူးပေးနေမှု လှည့်လည်ကြည့်ရှုစစ်ဆေး


နေပြည်‌တော် ဇွန် ၂၉
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သွားရောက်ကြည့်ရှု၍ ပြည်သူများ၏ ဓာတ်အားသုံးစွဲမှုမှန်ကန်မှုရှိစေရန် မီတာယူနစ်များလိုဖတ်၊ ပိုဖတ်ခြင်းမရှိစေရေး သတ်မှတ်ကာလအတွင်း မီတာများမှန်ကန် စွာဖတ်ရှုပြီး မီတာဖတ်မှတ်တမ်း လျှပ်စစ်ပုံစံ (၇၆) တွင် ပြည့်စုံစွာစာရင်းရေးသွင်းရန်၊ ဓာတ်အားခငွေများ အလွဲသုံးစားမှုမဖြစ်ပေါ်စေရေး နေ့စဉ်ကောက်ခံရရှိငွေစာရင်းနှင့် ဓာတ်အားခ တောင်းခံလွှာလက်ခံဖြတ်ပိုင်းများဖြင့် တိုက်ဆိုင်စစ်ဆေးရန်နှင့် ရပ်၊ ပျက်၊ နှေးမီတာများကို ပုံမှန်ကွင်းဆင်း စစ်ဆေး၍အမြန်ဆုံး အစားထိုးလဲလှယ်တပ်ဆင်ပေးရန်၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်မှာကြားကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းအိမ်ရာနှင့် ၆၆ ကေဗွီ ရပ်စောက်ဓာတ်အားခွဲရုံ၏ ဓာတ်အားဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ် (၁) ဇော်ဂျီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှု၍ ရေဝင်ရောက်မှုအရ ဓာတ်အားပေးစက်များ မောင်းနှင်ထုတ်လုပ်ပေးနိုင်ရေး၊ ကျိုင်းခမ်းရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိလာမည့် ဓာတ်အားများကိုလက်ခံပို့လွှတ်နိုင်ရေး Switch Yard တိုးချဲ့တည်ဆောက်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရေးတို့ကို မှာကြားပြီး စက်ရုံအတွင်း ဓာတ်အားပေးစက်များမောင်းနှင် ဓာတ်အားထုတ်လုပ်ပေးနေမှု၊ ရေစုကန်၊ ရေလွှဲ တမံနှင့် နှုန်းထိန်းတံခါးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကလောခရိုင်အတွင်းရှိ ညောင်ရွှေမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လစဉ်သတ်မှတ်ရက်အတွင်း မီတာများမှန်ကန်စွာဖတ်ရှု၍ စာရင်းရေးသွင်းကြရန်၊ မိုးဦးကာလရောက်ရှိလာပြီဖြစ်၍ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်နှင့် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်တို့ကို မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ၆၆ ကေဗွီ ညောင်ရွှေဓာတ်အားခွဲရုံ၏ ဓာတ်အားထိန်းချုပ်ခန်းရှိ ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်