နေပြည်တော် ဒီဇင်ဘာ ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ် ကျော်သည် ဒီဇင်ဘာ ၄ ရက်က လင်းခေးမြို့ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က လင်းခေးမြို့နယ်အတွင်း သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးသည့်သီးနှံအလိုက် ဧကတိုးတက်ရေး သီးထပ် စွမ်းအားမြှင့် တင်ရေး၊ မွေးမြူရေးထုတ်ကုန်များ ပိုမိုမွေးမြူထုတ်လုပ်၍ စျေးသက်သာ စွာဖြင့် စားသုံးနိုင်ရေး၊   လိုအပ်သည့် မျိုး‌ကောင်းမျိုးသန့်များဖြန့်‌ဝေပေးနိုင်ရေးနှင့် နည်းပညာ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာအနီးရှိ ဒါးဆိပ်လျှပ်စစ်ရေတင်လုပ်ငန်းသို့ ရောက်ရှိပြီး ရေစီမံခန့်ခွဲမှုစနစ်ကောင်းမွန်သည့် ရေသောက်စနစ် ဖြစ်ပေါ်စေရေး၊ ပိုမိုထိရောက်စွာ ရေပေးဝေနိုင်ရေးအတွက် ရေသောက် စနစ်များ ပြုပြင် ဆောင်ရွက်ရေး၊ နည်းလမ်းပေါင်းစုံဖြင့် ရရှိနိုင်သမျှ ရေအရင်းအမြစ်များ ကွင်းဆင်း ရှာဖွေစူးစမ်း လေ့လာဖော်ထုတ်ရေး၊ တောင်သူများ ရိုးရာစနစ်ဖြင့် တည်ဆောက်ထားသည့် ရေရဟတ်(Water Wheel) များအား လိုအပ်သည့်နည်းပညာ အကူအညီများ ပေးအပ်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် နမ့်စန်မြို့နယ်ရှိ ဝမ်ပုံရေလှောင်တမံသို့ ရောက်ရှိပြီး ဆည်ရေလုံလောက်စွာပေးဝေနိုင်ရေး၊ ရေသောက်စိုက်ပျိုး စိစစ်ဧရိယာများ ပြည့်မီရေး၊ သီးထပ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေနှင့် ပတ်သက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ လုပ်ကိုင်နိုင်ရေးတို့ကို မှာကြားခဲ့ကာ ပင်လုံမြို့ စိုက်ပျိုးရေးဦစီးဌာနမှူးရုံး၌ ပဲပုပ်၊ ကြက်သွန်၊ ကော်ဖီမျိုးများ ဒေသခံတောင်သူများထံ ဖြန့်‌ဝေနိုင်‌ရေးအတွက်  စိုက်ပျိုး ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်