ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြေရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၂၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၂ ရက် နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ်ရှိ မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြေရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်တည် ဆောက်ထားသည့် စမုံရေလွှဲဆည်(Rubber Dam)နှင့် မြစ်ရေတင် စက်ရုံလည်ပတ်နိုင်နှင့် ကင်တားလက်ဝဲမြောင်းမကြီး စမုံမြစ်ဖြတ်ရေငုပ်ပြွန်(Syphon)၏ အများဆုံးရေသယ်ယူနိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက မိတ္ထီလာခရိုင် စိုက်ပျိုးရေလိုအပ်ချက်အရ သတ်မှတ်ရေပမာဏ ပိုမိုသယ်ယူရရှိနိုင်ရေးအတွက် တွက်ချက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မိတ္ထီလာခရိုင် စိုက်ပျိုးရေရရှိရေးအတွက် ကင်းတားလက်ဝဲမြောင်းမကြီး အတွင်းသို့ ရေဖြည့်ဆည်းပေးနိုင်မည့် မြို့ကြီးမြောင်းမတော် အမှတ်(၂)ဝင်ရောက်မည့်နေရာနှင့် မြို့ကြီး မြောင်းမတော်အမှတ်(၂)အတွင်းသို့ လိုအပ်သည့် ရေပမာဏရရှိရန်အတွက် ဖြည့်ဆည်းပေးမည့် ရေတင် စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ကင်းတားရေလွှဲဆည်သို့ရောက်ရှိပြီး ရေလွှဲဆည်၏ ရေတံခါးများ အဖွင့်အပိတ်နှင့် သဲထုတ်ရေတံခါးများနှင့် မိတ္ထီလာမြို့ရှိ စွမ်းအားမာန်လယ်ယာ သုံးစက်ကိရိယာ ထုတ်လုပ် ရေးအလုပ်ရုံက ထုတ်လုပ်လျက်ရှိသော လယ်ယာသုံးစက်ကိရိယာများကို ကြည့်ရှုသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မိတ္ထီလာခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှူး ရုံး၌ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသစိုက်ပျိုးရေပိုမိုရရှိရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်တိုးတက်စေရေး၊ စိုက်ဧကနှင့် သီးနှံအထွက်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ မှန်ကန် စေရေးတို့ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)