ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ ဆိပ်ခံဗော (Pontoon) ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဇူလိုင် ၁၁

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ရေနံချက်စက်ရုံအမှတ်(၁)ရှိ ဆိပ်ခံဗော (Pontoon)ကို ယမန်နေ့၊ နံနက် ၁၁ နာရီတွင် ကြည့်ရှုစစ်ဆေးရာ ရေနံချက်စက်ရုံ အမှတ်(၁) စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနမှ ရေကြောင်းဌာနမှူးချုပ်၊ ဒုတိယရေကြောင်းဌာနမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

 

အဆိုပါဆိပ်ခံဗောမှာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ အသစ်တည်ဆောက်မည်ဖြစ်သော ဆိပ်ခံဗောတံတား (Jetty) တွင်အသုံးပြုမည့် ဆိပ်ခံဗောဖြစ်သည်။ ဇူလိုင် ၁၁ ရက်တွင် ပြည်တွင်းရေကြောင်းပိုင် သင်္ဘောကျင်း၌ ဒေါက်တင်ပြင်ဆင်မည်ဖြစ်ပြီး ကောင်းမွန်သွားလျှင်  တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)