ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

စစ်တွေ ဇွန်  ၂၃

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက   ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္က နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ သက်မွေးပညာသင်တန်းကျောင်း ပေါ်ပေါက်လာရေး  စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်နှင့် အထိမ်းအမှတ်ပွဲတော်များ ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိပါကြောင်း၊ ယာယီတိုက်ပွဲရှောင် မြိုတိုင်း ရင်းသားအိမ်ထောင်စု (၁၅၀)အတွက် မောင်တောမြို့နယ်တွင်  ကျေးရွာတည်ဆောက်ပေးခဲ့ပြီး ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း/အဖွဲ့များက စာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

သတင်းစဉ်