နေပြည်တော် မေ ၁၉

 

သာသနာရေးဝန်ကြီးဌာနက ဦးစီးကျင်းပသော အကြိမ် (၄၀) မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို နိုင်ငံအတွင်းရှိ စာဖြေဌာန ၄၇၀ တွင် ကျင်းပလျက်ရှိရာ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းအောင်သည် ယနေ့ မွန်းလွဲပိုင်းက ပျဉ်းမနားမြို့ရှိ မင်္ဂလာဗျူဟာခန်းမနှင့် လယ်ဝေးမြို့ရှိ သရက်တောကျောင်းတိုက်တို့တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲဖြေဆိုနေကြသော ကျောင်းသား ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးသည်။

 

ထို့နောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲဖြေဆိုမှုကို ကြီးကြပ်ပေးသည့် ဆရာတော်ကြီးများအား စာမေးပွဲဖြေဆိုမှုနှင့်စပ်လျဉ်း၍ မေးမြန်းလျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

အကြိမ် (၄၀) မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို မေ ၁၈ ရက်တွင် ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ်၊ မေ ၁၉ ရက်တွင် ဗုဒ္ဓဘာသာ မြန်မာစာဘာသာရပ်၊ မေ ၂၀ ရက်တွင် အခြေခံအဘိဓမ္မာဘာသာရပ်တို့ ဖြေဆိုကြပြီး ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ၂၄၅၃၉ ဦး၊ ဗုဒ္ဓဘာသာ မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ၂၀၄၂၇ ဦးရှိကာ အခြေခံအဘိဓမ္မာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းသူ ၁၃၃၄၉ ဦး ရှိကြောင်း သိရသည်။

 

သတင်းစဉ်