ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ်အဆင့် အရာထမ်းမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် 

 

နေပြည်တော်၊ မေ  ၈

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ်အဆင့် အရာထမ်း မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဦးစွာဒုတိယဝန်ကြီးက ယခုသင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များသည် လက်တွေ့ လုပ်ငန်းနယ်ပယ်တွင် အသုံးချဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များ သဖွယ်ဖြစ်၍ ဂရုတစိုက် လေ့လာဆည်းပူးပြီး၊ နိုင်ငံအတွက်ရသင့်ရထိုက်သည့် အခွန်ငွေများကို အလေအလွင့်မရှိစေဘဲ တတ်နိုင်သမျှကြိုးပမ်း ကောက်ခံကြရန်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အခွန်ရှောင်တိမ်းမှု များကိုလည်း စုံစမ်းဖော်ထုတ်၍ စိစစ်ကောက်ခံနိုင်ရန်လိုကြောင်း၊ အခွန်အကောက်ရငွေများ အပြည့်အဝရရှိမှသာ နိုင်ငံတော်က ပြည်သူများအတွက် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာ စေမည့် အသုံးစရိတ်များကို သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊  ယခုအခါ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ခေတ်နှင့်လျော်ညီစွာ ဆောင်ရွက်လျက်ရှိသဖြင့် အလယ်အလတ်အဆင့် အရာထမ်းများအနေဖြင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးမူဝါဒများ၊ အခွန်စနစ်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာ အခွန်စနစ်ကျင့်သုံးဆောင်ရွက်မှု ပုံစံများကိုလည်း လေ့လာသင်ယူထားရန်လိုကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးမူဝါဒတွင်ပါဝင်သော အခွန်မူဝါဒများနှင့်အညီ ကြိုးပမ်း အကောင်အထည်ဖော်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။ 
 
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် သင်တန်းသား/ သင်တန်းသူ လက်ထောက်ညွှန်ကြားရေးမှူး စုစုပေါင်း (၈၀) တို့ ပါဝင်တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၂) ပတ်ဖြစ်ကြောင်း သတင်းရရှိသည်။   

သတင်းစဉ်