ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်မှာကြား

နေပြည်တော် ဒီဇင်ဘာ ၁

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ ဌာနခွဲများ၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူး များနှင့် လုပ်ငန်းလမ်းညွှန်အစည်းအဝေးကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သုတေသနပြုလုပ်ရာတွင် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်၊ Sports Master Plan ရေးဆွဲနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်း ပြောဆိုဆက်ဆံနိုင်စေရေး အင်္ဂလိပ်ဘာသာ စကားကိုလေ့လာရန်၊ မိမိတို့ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကဏ္ဍအလိုက် လုပ်ငန်းတိုးတက်မှုရှိ/မရှိ ညွှန်ကြားရေးမှူးများမှ ကွင်းဆင်းစစ်ဆေးရန်နှင့် ဌာနသို့အစီရင်ခံစာတင်ပြရန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်လျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်/စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေးတွန်းအားပေးဆောင်ရွက်ရန် ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက စီမံအုပ်ချုပ်ရေးဆိုင်ရာ၊ ဝန်ထမ်းရေးရာ၊  လမ်းပန်းဆက်သွယ်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ၊ အားကစားကွင်း/အားကစားရုံ ပြုပြင်ထိန်းသိမ်းရေး၊ အားကစားပြိုင်ပွဲကျင်းပပြီးစီးမှု၊ လူထုအားကစားလှုပ်ရှားဆောင်ရွက်မှုများနှင့် ဒီဇင်ဘာလူထု စုပေါင်းလမ်းလျှောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ထား ရှိမှုများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

 

အစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး အားကစားနှင့် ကာယပညာ(သိပ္ပံ) ကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)