ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်  မေ  ၁၀

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်(၁၁)နာရီခွဲ က ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး (၆)ခန်းတွဲ(၄)ထပ် လှေလှော် အားကစားသမားအိပ်ဆောင်များ တည်ဆောက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်  အထူးတန်း (၂)ထပ်ပွဲကြည့်စင်  တည်ဆောက်နေမှုကိုလည်းကောင်း၊ တောင်ဥက္ကလာပ ပဒေသာ ဘောလုံးကွင်း အထူးတန်း(၂) ထပ်ပွဲကြည့်စင်နှင့် (၄)ထပ်အားကစားသမားအိပ်ဆောင် တည်ဆောက်နေမှုကို လည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ (၂)ထပ်ပွဲကြည့်စင်တည် ဆောက်နေမှုတို့ကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည်  ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး  ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင်  မေ(၁၉)ရက်မှ (၂၁)ရက်အထိ UIPM Southeast Asia Championship  Thailand  ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ Pantathlon Team အဖွဲ့ အုပ်ချုပ်/နည်းပြ (၂)ဦးနှင့် အားကစားသမား(၈)ဦး တို့ကို တွေ့ဆုံအားပေးစကား ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်သို့  ရောက်ရှိပြီး  ဇွန်(၃)ရက်မှ (၉)ရက်အထိ ကျင်းပမည့် (၁၂)အကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့်  ပြေးခုန် ပစ်၊ မျက်မမြင်စစ်တုရင်၊  ရေကူး၊ အလေးမ၊ ဘော်လီဘော အားကစား သမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက်  အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ဝင်းအတွင်း၌ အမျိုးသမီး/အမျိုးသား အိပ်ဆောင်များ၊ စားရိပ်သာနှင့် စားဖိုဆောင်များ တည်ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)