နေပြည်တော် မေ ၂၈

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက PFI စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှား အိမ်ရာစီမံကိန်းလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် စီမံကိန်း (ပထမအဆင့်) လေးခန်းတွဲ ငါးထပ်အဆောက်အအုံ ၁၉၄ လုံး၊ အခန်းပေါင်း ၃၁၀၄ ခန်း ဆောက်လုပ်ပြီးဖြစ်၍ ပြည်သူများ ငှားရမ်းနေထိုင်လျက်ရှိကြောင်း၊ အဆိုပါ အဆောက်အအုံ ၁၉၄လုံးတွင် မြေညီထပ်ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ထပ်တိုးလာမည့် အခန်းပေါင်း ၇၇၆ ခန်းကို ပြည်သူများအတွက် ထပ်မံနေထိုင် အသုံးပြုသွားနိုင်မည် ဖြစ်သဖြင့် လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားသည်။

 

ထို့နောက် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါ ကုသရေးဆေးရုံဝင်းအတွင်း အရာထမ်း၊ အမှုထမ်းများ နေထိုင်နိုင်ရန် လေးခန်းတွဲ ငါးထပ်အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဆေးရုံဝင်းအတွင်း ခြံစည်းရိုးကာရံခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်