ဒုတိယဝန်ကြီး ဦးမြင့်စိုး ဘားအံနှင့် လှိုင်းဘွဲ့မြို့နယ်များအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ပေးအပ်

နေပြည်တော် စက်တင်ဘာ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် နှင့်အတူ လွိုင်ကော်မြိုံ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြဆရာများနှင့် တွေ့ဆုံခဲ့သည်။  
 
တွေ့ဆုံစဉ်  သင်တန်းကျောင်းအုပ်က သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သင်တန်းသား သင်တန်းသူများအနေဖြင့် တတ်မြောက်သွား သော ပညာရပ်များကို ပြန်လည်အသုံးချ၍ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခြင်းထက် သမဝါယမအသင်းများ ဖွဲ့စည်းကာ စုပေါင်းလုပ်ဆောင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာ ကြားသည်။

ယင်းနောက် သင်တန်းသား၊ သင်တန်းသူများ၏ အဝတ်အထည်ရက်လုပ်နေမှုများကို ကြည့်ရှု အားပေးပြီး သင်တန်းသားအိပ်ဆောင်နှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာအား ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထောက်ပံ့ ပေးအပ်ပွဲသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီး က ကျေးရွာ (၅) နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး က ကျေးရွာ (၅)ကို  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP ရန်ပုံငွေ ကျပ်သိန်း (၇၅၀)၊  မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေ ကျပ်သိန်း (၁၅၀၀)၊ စုစုပေါင်းကျပ်သိန်း (၂၂၅၀) ထောက်ပံ့‌ပေးအပ်ရာစီမံ ကိန်းကျေးရွာများမှ ကျေးရွာကိုယ်စားလှယ် (၂) ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍လုပ်ငန်းလိုအပ်သည်များမှာကြားပြီး ဝန်းထမ်းများ၏ တင်ပြချက်များအပေါ် ‌ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကြောင့်ကမ်လာဘ် (ကျောက်ကလပ်) စေတီအား သွားရောက် ဖူးမြော်ကြည်ညိုခဲ့သည်။ ညပိုင်းတွင် ဒုတိယဝန်ကြီးသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်