ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရန်ပုံငွေများ ပေးအပ်

နေပြည်တော် ဇန်နဝါရီ ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးဦးစီးမှူးများနှင့်အတူ ဧရာဝတီတိုင်း ဒေသကြီး၏ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရန်ပုံငွေများပေးအပ်ပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံတော်က ဆောင်ရွက်နေသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရေး မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုကိုလည်းကောင်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ပြီး ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုကိုလည်းကောင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာအုပ်စု အိမ်ခြေ (၇၀)၊ လူဦးရေ (၂၉၉) ဦးရှိသော အချုပ်ကလေး(တောင်)ကျေးရွာသို့ ရောက်ရှိပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ် သိန်း (၁၀၀) ကို ဒုတိယဝန်ကြီးက ထောက်ပံ့ပေးအပ်ကာ ကျေးရွာမီးလင်းရေးနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆက်လက် ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာ ကော်မတီဝင်တစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံ စေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး ဦးထေရာဝံသ အမှူးပြုသော ဆရာတော်အရှင်သူမြတ်များအား ဖူးမြော်ကြည်ညိုကာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ စေတီတော်မြတ်ကြီး၏ ဓမ္မာရုံ၌ အိမ်ခြေ (၈၅) အိမ်၊ လူဦးရေ (၆၁၃) ဦးရှိသော ငြိမ်းအေးကျေးရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက် ရောက်ပြီး ဒုတိယဝန်ကြီးက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း (၂၀၀) ကို ကျေးရွာ ကော်မတီဝင်တစ်ဦးထံ ပေးအပ်ခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သုတကျော်ဝေ (ကိုယ့်အားကိုယ်ကိုး) စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ စာကြည့် တိုက်မှူး အငြိမ်းစားဆရာမကြီး ဒေါ်သန်းသန်းစိုးက လက်ခံရယူခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စတုမုခထူပါရုံစေတီတော်မြတ်ကြီး၏ ကမ်း ထိန်းလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။ ယင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအပြင် ရှေးဟောင်း သမိုင်းဝင် စတုမုခ ထူပါရုံစေတီတော်မြတ်ကြီး၏ ကမ်းထိန်းလုပ်ငန်း အထောက်အကူဖြစ်စေရေး အတွက် ယွန်းလျှံ စိုက်ပျိုးရေးအထောက်အကူပြုကုမ္ပဏီ၏ ပုလဲကျူပင်များ စိုက်ပျိုးပေးခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် အလယ်ရွာနှင့် ခတ္တူကျေးရွာ တို့ကို ဆက်သွယ်ပေးထားသော ကြိုးတံတား ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက်များအား  ကြည့်ရှု စစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ စိန်တောင်ကျေးရွာသို့ ရောက်ရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လှော်ကထား-စိန်တောင်-နတ်ထ္မင်းကုန်း ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ စိန်တောင်တံတား တည်ဆောက်မည့် မြေနေရာနှင့် လှော်ကထားကျေးရွာမှ ပုသိမ်-မုံရွာလမ်းမကြီးသို့ ဆက်သွယ်ထားသော လမ်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။
 
သတင်းစဉ်