ဒုတိယဝန်ကြီး ဦးမြင့်စိုး မိတ္ထီလာနှင့် ကျောက်ပန်းတောင်းမြို့နယ်များမှ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော်     ဇွန်     ၁၈

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာသို့သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၁၄) ရွာမှ ဝါစိုက်တောင်သူများ၊ အောင်မြေသာယာလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသား တောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး  မိုးဝါအတွက်လိုအပ်သော မျိုးများ၊  သွင်းအားစုများ ကူညီပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးရေလိုအပ်သည့်နေရာများတွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးရေး ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသင်းသား တောင်သူများအတွက် ဓာတ်မြေဩဇာနှင့် စမ်းဝတီ သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ကာ တောင်သူများ၏ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးကြပြီး စိုက်ပျိုးရေးသွင်းအားစုကုမ္ပဏီများ၏ မျိုးစေ့များ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် သွင်းအားစုများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးကြသည်။

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးဝါ စိုက်ပျိုးရာသီတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၄) ရွာမှ သမဝါယမ အသင်း (၁၄) သင်း၏ ဝါစိုက်ဧက (၉၉၀) အတွက် ဝါမျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးသည့်အပြင် တန်ဖိုးငွေကျပ် (၁၉၈) သန်းနှင့် ညီမျှသော အာမိုဓာတ်မြေဩဇာ၊ စမ်းဝတီ သဘာဝမြေဩဇာနှင့် ကျောက်မှုန့်များ ထည့်သွင်းအသုံးပြုနိုင်ရေး ပံ့ပိုးပေးသွားမည် ဖြစ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ်  ကြက်ပြစ်ကျေးရွာသို့ သွားရောက်ပြီး ကြက်ပြစ် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့်တွေ့ဆုံ၍ ဝါစိုက်ပျိုးရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တင်ပြချက်များ အပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အပူပိုင်းဇုန် ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းအဖွဲ့က To-Ne(တိုနေး) Top 300 တွင်းတူးစက်ကြီးဖြင့် ကျောက်ပန်းတောင်းမြို့နယ် ချောင်းဖျား ကျေးရွာ၌ အနက်ပေ (၈၀၀)ရှိ စက်ရေတွင်းတူးဖော်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာ သားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးရွာသောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးထားသည့် စက်ရေတွင်း ကြည့်ရှု စစ်ဆေးပြီး ကျေးရွာရှိ ဆီထွက်သီးနှံစိုက် တောင်သူများ၊ နှစ်ကျပ်ခွဲ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး တိုက်တွန်းမှာကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)