ဒုတိယဝန်ကြီး ဦးမြင့်စိုး မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့မှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ

နေပြည်တော် ဧပြီ ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး အဆိုပါ ပတ္တမြားခန်းမတွင် မြို့နယ်အတွင်းမှ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ဝါစေ့ဆီစက်လုပ်ငန်းရှင်များ၊ ရက်ကန်းလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝါစိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ရေး၊ တောင်သူများ လိုအပ်သည့် ဝါမျိုးများကို အချိန်မီရရှိအောင် ဆောင်ရွက်ပေးရေး၊ သွင်းအားစုများ ကူညီပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးရေး လိုအပ်ချက်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကွင်းဆင်း ဆောင်ရွက်သွားကြရေး မှာကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စလင်းမြို့နယ်၏ ဝါစိုက်ပျိုးထုတ်လုပ် နေမှုများနှင့် နှစ်အလိုက် လျာထားဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ဝါစိုက်တောင်သူများ၊ ရက်ကန်းလုပ်ငန်းရှင်များ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ နည်းပညာ ပံ့ပိုးမှုဖြင့် ကြာချည်ထည်များ ရက်လုပ်နေသော ဝက်သည်းကန်ကျေးရွာမှ ရက်ကန်းလုပ်ငန်း ရှင်များ၏ ထုတ်ကုန်များကို ကြည့်ရှုအားပေးပြီး အတိုင်ချည်အတွက် လိုအပ်သည့် နည်းပညာများ ရရှိရေး၊ စလင်းမြို့နယ် ကျွဲခြံကျေးရွာ ရက်ကန်းလုပ်ငန်းရှင်များအတွက် OVOP လုပ်ငန်းအနေဖြင့် မတည်ရင်းနှီးငွေရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးရန် မှာကြားသည်။

ယင်းနောက် မိုခါမုန်တိုင်း တိုက်ခတ်မှုအပြီး ကြာပေါက်ရောက်မှု နည်းပါးသွားသော ဝက်သည်းကန်သို့ သွားရောက်ကြည့်ရှုကာ ကြာချည်ထည် လုပ်ငန်းအောင်မြင်ရေးနှင့် ရေကန် ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် လိုအပ်သည်များ မှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကမ်းနီဆိုလာ မြစ်ရေတင်လုပ်ငန်းသို့ ရောက်ရှိပြီး မင်းဘူးမြို့နယ်နှင့် မင်းလှမြို့နယ်တို့မှ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ဝါစေ့ဆီစက်လုပ်ငန်းရှင်များ၊ ရက်ကန်းလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် တွေ့ဆုံ၍ နိုင်ငံတော်က ဖော်ဆောင်နေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍ များတွင် မိမိတို့ဝန်ကြီးဌာနက သမဝါယမစနစ်ဖြင့်် ပါဝင်ဆောင်ရွက်နေမှု၊ မကွေးတိုင်းဒေသကြီး၏ အဓိကသီးနှံဖြစ်သော ဆီထွက်သီးနှံများအထွက်တိုးရေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ မျိုးရယူ စိုက်ပျိုးနေသော အာလူးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရေး၊ ဆင်ဖြူကျွန်းမြို့ အာလူးလယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်မှ ဆောင်ရွက်နေသော အာလူးအအေးခန်းစက်ရုံ အချိန်မီပြီးစီးရေး မှာကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန မင်းဘူးမြို့နယ်ဦးစီးမှူးက ဝါစိုက်ပျိုးရေးလုပ်ငန်းဆောင် ရွက်နေမှုများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုကို အသီးသီး ရှင်းလင်းဆွေးနွေးကြပြီး ဝါလုပ်ငန်းရှင်များ၊ ဝါစိုက်တောင်သူများ လုပ်ငန်းလိုအပ်ချက် များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့နယ်၊ မင်းလှမြို့နယ်တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ မိမိတို့တန်ဖိုးထားသော ဝန်ထမ်းဘဝ မြင့်မားသည်ထက် မြင့်မားစေရေး ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်