ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမစနစ်ဖြင့် ပီလောပီနံ စိုက်ပျိုးရန် ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော် ဧပြီ ၂၈

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အတူယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ယုန်သလင်းတိုက်နယ်၊ မ‌ဒေါ့တလုတ် ကုန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေဖြင့် ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက ပီလောပီနံ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် သမဝါယမ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေး၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေးနှင့် ထိုသို့စိုက်ပျိုးရာ တွင် လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ အချိန်မီပံ့ပိုးပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက် နေမှု၊ ကံစပ်ရာကုမ္ပဏီမှ Managing Director ဦးစည်သူအောင်က ပီလော ပီနံ တန်(၁၀၀)ကျ စက်ရုံတည်ဆောက်မည့်အစီအစဉ်များနှင့် ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်များ ကို ရှင်းလင်းဆွေးနွေး တင်ပြကြပြီး အသင်းသားတောင်သူများ၊ ဒေသခံပြည်သူများ၏ လုပ်ငန်းလိုအပ် ချက်များ၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

အလားတူ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ မိဿလင်ကုန်း ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပီလောပီနံစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ခတ္တူကျေးရွာတွင် ပြုလုပ်သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ‌ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲသို့ တက်ရောက်သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက စီမံကိန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီး က ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၅၀) ကို ခတ္တူကျေးရွာသို့လည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း (၃၀၀) ကို ဘိသလွန်ကျေးရွာသို့လည်းကောင်း ထောက်ပံ့ပေးအပ်ရာ ကျေးရွာတာဝန်ရှိသူ များက လက်ခံရယူကြပြီး ‌ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် လေးမျက်နှာမြို့နယ်အတွင်းမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တို့တွင် တက်ရောက်သင်ယူနေကြသော ကျောင်းသားကျောင်းသူ (၁၄) ယောက်တို့ကို တွေ့ဆုံ အားပေးစကား ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် လေးမျက်နှာမြို့နယ်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေသည့် စိန်တောင်ကျေးရွာနှင့် လှော်ကထားကျေးရွာ မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NEP OFF-Grid)၊ ဆိုလာ အသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက် နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကံကုန်းကျေးရွာမှ တောင်သူ ဒေါ်ခင်အုန်းမြင့်၏ လယ်မြေ (၅) ဧကတွင် တစ်နှစ် စပါး ၃ သီး စိုက်ပျိုးနေမှုကို သွားရောက်အားပေးကြည့်ရှုသည်။ အဆိုပါလယ်မြေ (၅) ဧကတွင် မိုးရာသီနှင့် ဆောင်းရာသီ၌ ဆင်းသုခစပါးမျိုး စိုက်ပျိုးခဲ့ပြီး ယခုနွေရာသီတွင် ဆိုလာရေတင်စနစ်ဖြင့် ပခန်းရွှေဝါ စပါးမျိုးများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)