ဒုတိယဝန်ကြီး ဦးမြင့်စိုး ဝါစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး ဝါစိုက်တောင်သူများ လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် မေ ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ ငွေလှမြိုင်ဝါစက်ရုံကိုသွားရောက်လေ့လာ ကြည့်ရှု၍ လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရမည်းသင်းဒေသအတွင်း ဝါအထွက်တိုးရေး ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်၍ ဝါကြိတ်ဝါဖိစက်များ ထပ်မံဖြည့်တင်းဆောင်ရွက်ရေး၊ တောင်သူများထံမှ အဆင့်မှီ ဝါဂွမ်းများ ရရှိရေးအတွက် ပညာပေး စည်းရုံးဆောင်ရွက်ရေး၊ နည်းပညာ လိုအပ်ချက်များ ရှိပါက စက်မှုဝန်ကြီးဌာနနှင့် လည်းကောင်း၊ မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့်လည်းကောင်း ဆက်သွယ် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။ အဆိုပါ စက်ရုံသည် ဝါကြိတ်စက် ၁၂ လုံး၊ ဝါဖိစက် ၃ လုံး၊ ဆီကြိတ်စက် ၃ လုံး၊ လုပ်သားအင်အား ၁၅ ဦးဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၂၅ နှစ်ခန့်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့နယ်၊ အုန်းပင်ခြံကျေးရွာသို့ သွားရောက်၍ အသင်းသား  တောင်သူ (၇၅) ဦး၏ မြေဧက(၁၀၀)တွင် ဝါစိုက်ပျိုးနေသည့် တိုးတက်ရေး လယ်ယာနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ မိုးကြိုဝါနှင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကြုံတွေ့နေရသော အခက်အခဲ များကိုမေးမြန်းကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဝါစိုက်ပျိုးရေး သမဝါယမ အသင်းများ ဖွဲ့စည်းဆောင်ရွက်မည့် အစီအစဉ်များ၊ ကူညီပံ့ပိုးပေးမည့်လုပ်ငန်းများကို ရှင်းလင်းပြော ကြားပြီး အသင်းသားတောင်သူများ၏ စိုက်ပျိုးရေရရှိရေး၊ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပေးရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များတင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်က ထောက်ပံ့ ပေးအပ်သော ပုလဲဓာတ်မြေဩဇာ အိတ်(၄၀) နှင့် စမ်းဝတီ သဘာဝမြေဩဇာအိတ် (၄၀) တို့ကို ဝါစိုက် အသင်းသား တောင်သူများထံ ပေးအပ်သည်။ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ ဝါစိုက်သမဝါယမ အသင်းသားများအနေဖြင့် မိုးကြိုဝါ ၅၈၀ ဧက စိုက်ပျိုးလျက်ရှိပြီး မိုးဝါ ဧက ၅၀၀ နှင့် မိုးနှောင်းဝါ ၆၉၁၈ ဧက ဆက်လက်စိုက်ပျိုးသွားမည် ဖြစ်ကြောင်းသိရသည်။ 

ယင်းနောက် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ ရှော်တော ကျေးရွာသို့ သွားရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ရေယား-ရှော်တောလမ်း ၁ မိုင် ၄ ဖာလုံအနက် (၄) ဖာလုံ မြေသားလမ်းချဲ့ခြင်းနှင့် ကျောက်ချောခင်းခြင်း လုပ်ငန်းကိုကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံကာ ဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြမှုများ အပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ညောင်ရွှေမြို့နယ် သမဝါယမအသင်းစု၏ နွားမွေးမြူရေး ခြံနှင့် ဗေဒါအခြေခံ သဘာဝမြေဩဇာထုတ်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ရှမ်း တောင်/အရှေ့ သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမ အသင်းစု ဥက္ကဋ္ဌတို့က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဗေဒါအခြေခံသဘာဝမြေဩဇာများအား သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ရန် မှာကြားပြီး မြို့နယ်သမဝါယမအသင်းစု၏ ဒေသနွားမွေးမြူရေးခြံတွင် နွားမွေးမြူထားမှုကိုလည်းကောင်း၊ နွားစာအတွက် နေဗီယာမြက် ၁ ဧက စိုက်ပျိုး ထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးသိန်းလွင်နှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရုံးသို့ သွားရောက်ပြီး ကယားပြည်နယ်မှ တွဲဖက်ဝန်ထမ်းများအတွက် ဆန် ဆီ ဆား ရိက္ခာများနှင့် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်