ဒုတိယဝန်ကြီး ဦးမြင့်စိုး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၏မုန်တိုင်း ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ မုန်းတိုင်းဒဏ်ကြောင့် ပျက်စီးဆုံး ရှုံးခဲ့သည့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၏ ရုံးအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် စစ်တွေမြို့၊ သမဝါယမဦးစီးဌာန ပြည်နယ်ရုံးသို့ ရောက်ရှိကာ ပျက်စီးဆုံးရှုံးခဲ့သော ရုံးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည် ပြုပြင်ရေးလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများ အမြန်ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ကြရန်မှာကြားပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တစ်နာရီလျှင် ရေဂါလံ (၅၀၀) မှ (၈၀၀) အထိ ရေသန့်စင်ပေးနိုင်သော ရွေ့လျားရေသန့်စင်ကား (၄) စီးဖြင့် သောက်သုံးရေရရှိရေး စီစဉ်ဆောင်ရွက်ပေးနေမှု၊ ရေသန့်စင်စနစ် Life Staw Community ဆောင်ရွက်နေမှု၊ ရေသန့်စင်ဆေးပြားများ၊ Hygiene Kit-A၊ Hygiene Kit–B၊ School Hygiene Kit၊ ကလိုရင်းဆေးပြားများ၊ လီတာ ၂၀ ဆံ့ သောက်ရေပုံးများ ဖြန့်ဝေပေးနေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် စစ်တွေမြို့ရှိ ပြည်သူများ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီးမှ ရွေ့လျားရေသန့်စင်ကား (၁) စီးကို စစ်တွေမြို့သို့ ပို့ဆောင်ပေးလျက် ရှိကြောင်းလည်း သိရသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် စစ်တွေမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက်ကန်းကျောင်းသို့ သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ပြိုကျ ပျက်စီးခဲ့သော ရက်ကန်းအလုပ်ရုံအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့၏ ပျက်စီးဆုံးရှုံးခဲ့သော ရုံးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများ အမြန်ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း 
များ စနစ်တကျဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်