နေပြည်တော်၊ ဇွန် ၂၄

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇွန် ၂၂ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) ရှိ စက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံမှူး၊ အရာထမ်းများနှင့် တွေ့ဆုံ၍ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် သံမဏိချောင်းများ အရည်အသွေးပြည့်မီပြီး သတ်မှတ်လျာထားချက်များ အတိုင်း စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်မှာကြားသည်။
ထို့နောက် စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့ (PIU) ၏ ခေါင်းဆောင်က အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ နိုင်ငံခြားသား ပညာရှင်များ လာရောက်၍ စက်ရုံရှိ ဟိုက်ဒရောလစ် စနစ်များ၊ အလိုအလျောက် ထိန်းချုပ်ကိရိယာများ၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် စံချိန်စံညွှန်းထိန်း ကိရိယာများအား စစ်ဆေးခဲ့မှုကိုလည်းကောင်း၊ စက်ရုံမှူးကစက်ရုံ၏ ကုန်ကြမ်းလက်ကျန်အခြေအနေနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ထုတ်လုပ်မှုလျာထားချက်များကိုလည်းကောင်း၊ အထွေထွေမန်နေဂျာက ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေဖြင့် တောင်းခံသုံးစွဲမည့် လုပ်ငန်းခေါင်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းခွင်ရှိ အလုပ်ရုံအလိုက် ပြင်ဆင်ထားရှိမှုအခြေအနေ၊ သံရည်ကျိုအလုပ်ရုံအမှတ် (၂) နှင့် အထောက်အကူပြု အလုပ်ရုံများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လည်ပတ်နိုင်ရေးအတွက် ပြည်ပပညာရှင်များနှင့် စစ်ဆေးဆောင်ရွက်နေမှု အခြေအနေနှင့်  သံရည်ကျိုအလုပ်ရုံအမှတ် (၁) သံရည်ကျိုလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ဇွန် ၂၃ ရက် နံနက်ပိုင်းတွင်လည်း ဒုတိယဝန်ကြီးသည် စက်ရုံရှိလျှပ်စစ်ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး သံရည်ကျိုလုပ်ငန်း စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် စက်ချွတ်ယွင်းမှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိအောင် စက်ကြံ့ခိုင်ရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်