ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် ၁၇

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇွန် (၁၅) ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် အရာထမ်းများ၊ စက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ငွေလုံးငွေရင်း အသုံးစရိတ်ဆိုင်ရာ ညွှန်ကြားချက်များ၊ စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းလမ်းညွှန်များကို တိတိကျကျလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းကြီးကြပ်မှု ကော်မတီ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီများ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အချိန်ဇယားများရေးဆွဲ၍ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ရန်၊ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများ စစ်ဆေးပြုပြင်ရာတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းများ၊ ကိုင်တွယ်အသုံးပြုမှု လမ်းညွန်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူးက ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာ‌ငွေအရအသုံး ခန့်မှန်းခြေစာရင်းများ လျာထားရာတွင် လိုက်နာရမည့် အချက်များ၊ လိုက်နာရမည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း၊ စက်ရုံမှူးက စက်ပစ္စည်းများ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း ဆက်လက်တင်ပြရာ ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး စီမံကိန်းနှင့် သက်ဆိုင်သည့် အဖွဲ့များအကြား အချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ပြည်နယ်ဦးစီးမှူးက MSME လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများပါဝင်သည့် ဒေသဆိုင်ရာ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ အေးသာယာစက်မှုဇုန်၊ တာချီလိတ်စက်မှုရပ်ကွက်နှင့် မူဆယ်စက်မှုရပ်ကွက်တို့တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စာရင်းကောက်ယူဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဇွန် (၁၆) ရက် နံနက်ပိုင်းတွင်လည်း ဒုတိယဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်ရှိ ပထမ အဆင့်နှင့် ဒုတိယအဆင့် ရေတွန်းအလုပ်ရုံ၊ ရေသန့်စင်အလုပ်ရုံ၊ သံရည်ကျိုအလုပ်ရုံ၊ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် အောက်ဆီဂျင် ထုတ်လုပ်ရေးအလုပ်ရုံများအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

mdn