ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) အား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ (၁၂)

 

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သော သံနှင့်သံမဏိများအား အချိန်မီထုတ်လုပ်နိုင်ရန် စက်မှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးရင်မောင်ညွန့် သည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူတို့က  စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက  စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်သည့် လုပ်ငန်းများကို အချိန်ဇယားများရေးဆွဲပြီး သတ်မှတ်အချိန်တွင် ပြီးစီးရေးအလေးထား ကြပ်မတ်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်မှု အခြေအနေများကို မှတ်တမ်းထားရှိရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လိုအပ်သော စက်ပစ္စည်းကိရိယာများဝယ်ယူလျှင် သတ်မှတ်ထားသည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စစ်ဆေးပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့် စက်ပစ္စည်းကိရိယာများအား Dry Test/Load Test ဆောင်ရွက် နိုင်ရေး အစီအစဉ်ရေးဆွဲထားရန်၊ ဝန်ထမ်းများအနေဖြင့် သံ၊ သံမဏိထုတ်လုပ်သည့် နည်းစဉ်များကို ကျေညက်အောင် လေ့လာသင်ယူထားရန်၊ စီမံကိန်းလုပ်ငန်းများပြီးစီးမှသာ ကုန်ထုတ်လုပ်မှုလုပ်ငန်း များ စတင်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကြိုးစား၍ အလေးထား ဆောင်ရွက်ရန်နှင့် စက်အရန် ပစ္စည်းများကို ကြိုတင်စုဆောင်းထားရန်၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ အဆောက်အဦ၊ စက်ပစ္စည်းကိရိယာများ၊ စက်ရွက်စာတမ်းများ၏ လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်ရန်၊ စက်ရုံတာဝန်ရှိသူများအနေဖြင့် လုပ်ငန်းတာဝန်များကို အဂတိတရား ကင်းကင်းဖြင့် ဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် Water Treatment Plant ရှိ Pump များ ပြုပြင်ထားရှိမှု၊ အရေးပေါ် မီးသတ်စနစ်အခြေအနေ၊ ပိုက်လိုင်းများ အစားထိုးလဲလှယ်မှုကိုလည်းကောင်း၊ Air Separation Plant ရှိ Turbo Compressor ပြုပြင်နေမှု၊ Oxygen Compressor ပြုပြင်နေမှု ၊ Air Inlet Filter သို့ ရေမှုန်ရေမွှားများ ဝင်ရောက်မှုမရှိစေရန် အကာကွယ်ပြုလုပ်မည့် အခြေအနေ၊ Air Compressor ဆီများလဲလှယ်နေမှု ကို လည်းကောင်း၊ Melt Shop – 1 အတွင်း CCM Spare Mold ပြုပြင်နေမှုနှင့် Cold Mill Complex အမိုး တပ်ဆင်ပြီးမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)