ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၇)အထည်စက်ရုံ (မြစ်သား) သို့ သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၆


စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးဌာနမှူးရုံးနှင့် ခရိုင်ဦးစီးဌာနမှူးရုံးများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ထိုသို့ သွားရောက်စဉ် ဌာနတာဝန်ခံများက ဌာနအလိုက် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက မိမိတို့၏ ဆောင်ရွက်ချက်များသည် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုအကူအညီ  အထောက်အပံ့ဖြစ်စေရန်၊ မိမိတို့၏ ဂုဏ် သိက္ခာနှင့် ဌာန၏ဂုဏ်သိက္ခာကို စောင့်ထိန်းသိမ်းကာ မူဘောင်အတွင်းမှ အောင်မြင် အောင်ဆောင်ရွက်ကြရန်၊ ဒေသခံလုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေစေ ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြရန်၊ ပြည်သူလူထု လျှပ်စစ်အန္တရာယ်ကင်းရှင်း စေရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ အမှတ်(၇) အထည်စက်ရုံ (မြစ်သား)သို့ ရောက်ရှိရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးက ၂/၈၀ ချည်ထုတ်လုပ်ရန် လိုအပ်သော ချည်မျှင်ရှည်ဝါဂွမ်းများ ဝယ်ယူရရှိမှုနှင့် သုံးစွဲမှုအခြေအနေ တင်ပြရန်၊ စက်ရုံမှထုတ်လုပ်သည့် ချည်မျှင်များနှင့် ၎င်းချည်များကို အသုံးပြု၍ထုတ်လုပ်သည့် ကုန်ချောများကို ပြသနိုင်အောင်စီစဉ်ထားရန်၊ ၂/၈၀ ချည်ထုတ်လုပ်ရန် ဝယ်ယူသည့် စက်ပစ္စည်းများနှင့်ပတ်သက်၍ တပ်ဆင်ပြီးစီးမှုနှင့် စမ်းသပ်လည်ပတ်မှုအခြေအနေကို အပတ်စဉ်တိုးတက်မှု အစီရင်ခံစာပြုစုတင်ပြရန်၊ စက်ရုံရှိ စက်အားလုံးလည်ပတ်နိုင်သည့် အဆင့်ရှိအောင်ပြင်ဆင်ထားရန်၊ စက်ရုံအတွင်း/ အပြင် သန့်ရှင်းသာယာလှပရေး စီမံဆောင်ရွက်ထားရန် မှာကြားပြီး ချည်အပင်ပူးစက်၊ ချည်ကျစ် စက်နှင့် ချည်ပေါင်းစက် တပ်ဆင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်