ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း၏ ပထမအကြိမ် နှစ်ပတ်လည်အစည်းအဝေး တက်ရောက်ပြီး MSME ထုတ်ကုန်ပြခန်းနှင့် အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ) တို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၉

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မေ ၂၅ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံသံနှင့် သံမဏိအသင်း ပထမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နည်းပညာ တက္ကသိုလ်(မှော်ဘီ)ပါမောက္ခချုပ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် ပညာရှင်များ၊ သံနှင့်သံမဏိလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း၌ တစ်နှစ်လျှင် သံနှင့်သံမဏိတန်ချိန် (၁)သန်းခန့်ထုတ်လုပ်လျက်ရှိပြီး ပြည်ပမှ သံမဏိတန်ချိန် (၂)သန်းခန့် တင်သွင်းရသဖြင့် တစ်နှစ်လျှင်သံနှင့်သံမဏိတန်ချိန် (၃)သန်းခန့်လိုအပ်သည်ကို တွေ့ရ မည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနမှ သံမဏိစက်ရုံစီမံကိန်း (၂)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်း (၂)ခု ပြီးစီးပါက တစ်နှစ်လျှင်တန်ချိန် (၅)သိန်း ခန့်ကို ထပ်မံဖြည့်တင်းထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ သံမဏိလိုအပ်ချက်ကို ပံ့ပိုးပေးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်းပြောကြားပြီး တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့အတူ ဒုတိယဝန်ကြီးသည် မေ ၂၆ ရက် နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန တွင် ခင်းကျင်းပြသထားသည့် MSME ထုတ်ကုန်အရောင်းပြခန်းသို့ရောက်ရှိပြီး တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြည်တွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်း အမျိုးမျိုး ခင်းကျင်းပြသရောင်းချနေမှု အခြေအနေများတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန လျှပ်စစ် စစ်ဆေးရေးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လျှပ်စစ်နှင့်ဆက်စပ် လုပ်ကိုင်လျက်ရှိသည့် အစိုးရ-ပုဂ္ဂလိကဌာန၊ စက်ရုံ၊ အလုပ်ရုံများ လျှပ်စစ်အန္တရာယ်ကင်းဝေး စေရေး၊ လျှပ်စစ်စစ်ဆေးရေးဌာန၊ ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းများမှ လျှပ်စစ်ကျွမ်းကျင်သူများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားရန် မှာကြား၍ ဓာတ်ခွဲခန်းအတွင်း၌ လျှပ်စစ်ပစ္စည်းများအား ဓာတ်ခွဲစမ်းသပ်နေမှုအခြေအနေ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လုံခြုံရေး၊ စက်ပစ္စည်းများ ပျက်စီးမှုမရှိစေရေး၊ ခေတ်မီနည်းပညာများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့်  အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားကာ စက်ရုံအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်