ဒုတိယဝန်ကြီး ဦးသန့်စင် တီတွတ်ဓာတ်ငွေ့ဖိအားမြှင့်စက်ရုံနှင့် အမှတ်(၃) ဓာတ်မြေဩဇာစက်ရုံ‌ (ကျော်စွာ)တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၆

 

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင်သည် တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့‌ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ တီတွတ်ပိုက်လိုင်း အခြေစိုက်စခန်းနှင့် တီတွတ်ဓာတ်ငွေ့ ဖိအားမြှင့်စက်ရုံ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ အမှတ်(၃)ဓာတ်မြေ ဩဇာစက်ရုံ(ကျော်စွာ)တို့ကို ဇွန် ၂၅  ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်းနှင့် တီတွတ်ဓာတ်ငွေ့ဖိအားမြှင့် စက်ရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက အမှတ်(၃)ဓာတ်မြေဩ ဇာစက်ရုံ(ကျော်စွာ)အတွက် လိုအပ်သော သဘာဝဓာတ်ငွေ့များကို ပို့လွှတ်ပေးနိုင်ရန် မကွေး-တီတွတ်-ကျော်စွာပိုက်လိုင်းနှင့် ဖိအားမြှင့်စက်အား ပြုပြင်ခြင်းလုပ်ငန်းဆောင် ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက ကျော်စွာစက်ရုံသို့ သဘာဝဓာတ်ငွေ့များကို သတ်မှတ် ဖိအားအတိုင်းစဉ် ဆက်မပြတ်ပုံမှန် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပိုက်လိုင်းနှင့်ဖိအား မြှင့်စက်များ စစ်ဆေးပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ရေးဆွဲထားသည့် စီမံချက်ပါအတိုင်း အလေးထားဆောင်ရွက်ကြစေလို ကြောင်းမှာကြားပြီး အရာထမ်း၊ အမှုထမ်းများကို အမှတ်တရသစ်သီးခြင်းနှင့် အင်အားဖြည့် အစားအစာ များပေးအပ်ကာ ပိုက်လိုင်းအခြေစိုက်စခန်းနှင့် ဓာတ်ငွေ့ဖိအားမြှင့်စက်ရုံကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၃)ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ) သို့ရောက်ရှိပြီး စက်ရုံပြန်လည်လည်ပတ်နိုင်ရေး စက်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် စက်စတင်စမ်းသပ် လည်ပတ်နေမှု အခြေအနေများကို လည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ပြီး စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာ စက်ရုံမှူးက စက်ရုံ၏လည်ပတ်ထုတ်လုပ်နိုင်ခဲ့မှု၊ ပြန်လည်လည်ပတ်နိုင်ရေး လုပ်ငန်းစဉ်များတွင် စက်ရုံပြုပြင်ခဲ့ရ သည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး အတွက် လိုအပ်သည့် ယူရီးယားဓာတ်မြေဩဇာများ ထုတ်လုပ်ရန်အတွက် အမှတ်(၃)ဓာတ်မြေဩဇာ စက်ရုံ(ကျော်စွာ)ကို ပြန်လည်ပတ်နိုင်ရေးဆောင်ရွက်ခဲ့ရာ မကြာမီ ယူရီးယားဓာတ်မြေဩဇာများ ပြန်လည် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း၊ ပြည်တွင်းမှ ဓာတ်မြေဩဇာများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်လျင် ပြည်ပမှဓာတ်မြေဩဇာတင်သွင်းမှု လျော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုသက်သာစေမည် ဖြစ်ကြောင်းမှာကြားပြီး စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများကို အမှတ်တရသစ်သီးခြင်းနှင့် အင်အားဖြည့် အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)