ဒုတိယဝန်ကြီး ဦးဝင်းဖေ EV Charging Station ဖွင့်ပွဲအခမ်းအနား တက်ရောက်ပြီး သုခဒဂုံပြည်သူ့ အငှားအိမ်ရာ စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇွန် ၁၇    
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးလမ်းမပေါ်ရှိ  မြကျွန်းသာ ကန်ဘောင်အနီး NPK Motors Co.,Ltd MG Myanmar မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ် ဓါတ်အားဖြည့်သွင်း ရုံ (MG  EV Charging Station) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့ အငှားအိမ်ရာစီမံကိန်း ရှင်းလင်းဆောင်၌ ကျင်းပသည့် ကွင်းဆင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် ကြသည်။ 
 အစည်းအဝေးတွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာမှူးကြီး၊ ညွှန်ကြားရေးမှူးနှင့် စီမံကိန်းမှ တာဝန်ရှိသူများက ပြည်သူ့အငှားအိမ်ရာ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊  မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် မှ တာဝန်ရှိသူများက အိမ်ရာတည်ဆောက်ပြီးစီးမှု  အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က  ဖြည့်စွက်ဆွေးနွေး တင်ပြသည်။ 
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဒုတိယအကြိမ်နှင့် တတိယအကြိမ် အိမ်ခန်းနေရာ ချထားနိုင်ရေးအတွက် အိမ်ခန်းလျှောက်ထားသူများစာရင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့တင်ပြ၍ ကြိုတင်စီမံဆောင်ရွက်ထားရန်နှင့်  အိမ်ရာ တည်ဆောက်မှု လုပ်ငန်းပြီးစီးပါက နေရေးအခက်အခဲရှိသည့် ပြည်သူများလက်ဝယ်သို့ အိမ်ခန်းနေရာ အချိန်မီချထားနိုင်ရေးအတွက် အထူးကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းခွင်အတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသူများကို သက်သာသော အိမ်ခန်းငှားရမ်းခ နှုန်းထားများဖြင့် နေထိုင်နိုင်ရေးအတွက် ရည်ရွယ်၍ နိုင်ငံတော်မှ စနစ် တကျ တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ပြည်သူများနေထိုင်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတွင် (၁၁၆၈) ခန်း နေရာချထားပေးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်တွင် (၈၁၀) ခန်း၊ ဇူလိုင်တွင် (၈၆၄) ခန်း၊ ဒီဇင်ဘာတွင် (၂၇၂) ခန်း၊ အိမ်ခန်းနေရာချထားရေး ခန့်မှန်းလျာထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် တည်ဆောက်ပြီးအိမ်ရာများတွင် နေရေးအခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များနှင့် အများပြည်သူများနေထိုင်နိုင်ရေးအတွက် အိမ်ခန်းနေရာများ စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။ 
သတင်းစဉ်