နေပြည်တော် မတ် ၂၁

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ၃၉ မိုင် ဘောနတ်ကြီးယာဉ်ရပ်နားစခန်း၌ Qingdao CRRC Sifang Rolling Stock  Co.,.Ltd မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ်ဓာတ်အား ဖြည့်သွင်းရုံ ( EV Charging Station) ဖွင့်ပွဲအခမ်းအနားတက်ရောက်အားပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေး လမ်းဟောင်း(ပဲခူး-ဒိုက်ဦးလမ်းပိုင်း)ရှိ ရွှေသံလွင် ကုမ္ပဏီမှ BOT စနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံလျက်ရှိသည့် တိုးလ်ဂိတ်အား ကြည့်ရှုစစ်ဆေးပြီး လမ်းအသုံးပြုခ ကောက်ခံရရှိငွေများကို စနစ်တကျ မှတ်တမ်းရေးသွင်းရေးနှင့် ဌာနမှသတ်မှတ်ထား သည့် နှုန်းထားအတိုင်း ကောက်ခံရေး၊ CCTV Computer စနစ်ဖြင့်ကောက်ခံရေး၊ လမ်းအသုံးပြုခ ကောက်ခံ နှုန်းထား ဆိုင်းဘုတ်များအား သိသာမြင်သာ အောင် စိုက်ထူ ထားရန်၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး အလေးထား ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

 

ယင်းနောက်  ပဲခူးမြို့ကမ္ဘောဇသာဒီရွှေနန်းတော်၊ မြေနန်း ပြာသာဒ်ဆောင်နှင့် ဘမရာသနပလ္လင်ဆောင်များ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ကမ္ဘောဇသာဒီ ရွှေနန်းတော်ပြုပြင်ရာတွင် အသုံးပြုမည့် မြန်မာမှုလက်ရာ ထုတ်လုပ်သည့်လုပ်ငန်းခွင်ကို ကြည့်ရှု စစ်ဆေးပြီး ရှေးမူလက်ရာမပျက် ထိန်းသိမ်းဆောင်ရွက်ရေး၊ အချိန်မီပြီးစီးစေရေး၊ အရည်အသွေးပြည့်မီပြီး လက်ရာလက်သား ကောင်းမွန်စေရေး ဆောင်ရွက်ရန်မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေးလမ်းဟောင်း (ရန်ကုန်-ပဲခူးလမ်းပိုင်း)ရှိ မက်(စ်)ဟိုင်း ဝေးကုမ္ပဏီမှ BOT စနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံလျက်ရှိသည့် တိုးလ်ဂိတ်များအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)