ဒုတိယဝန်ကြီး ဦးဝင်းဖေ ညောင်ဦးမြို့နယ်အတွင်းရှိ လမ်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပုဂံ-ညောင်ဦး- ကျောက်ပန်းတောင်း- ဂွေးချို- ရေနံချောင်း- BOT လမ်းပိုင်း ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှု

ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇွန် ၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်အတွင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက် မည့် ညောင်ဦးလေဆိပ် လမ်းဆုံမှ ပုဂံမြို့သစ် အဝင်လမ်း (လမ်းသစ်)၊ ချောက်-စဉ့်ကူ-ပုဂံလမ်း၊ ကျောက်ပန်းတောင်း-ညောင်ဦး-ပုဂံလမ်းနှင့် ညောင်ဦး-မြင်းခြံလမ်း (မြို့တွင်းလမ်း) တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် နှင်းသဇင် ကုမ္ပဏီမှ ဂွေးချို-ချောက်လမ်းပိုင်း လမ်းပေါက်ပြုပြင်ခြင်း၊ လမ်းပုခုံးမြေနီ ကျောက်စရစ်ခင်းခြင်းနှင့် ရေပိတ်လွှာလောင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရန်ကုန်-ပြည်-မန္တလေးလမ်း (ဂွေးချို-ရေနံချောင်းလမ်းပိုင်း) လမ်းပေါက်များနှင့် လမ်းပုခုံးများ ပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဂွေးချိုတိုးဂိတ် အနီးရှိ ကောင်းမွန်ကုမ္ပဏီ လမ်းလုပ်ငန်းရှင်းလင်းဆောင်၌ BOT ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လမ်းပေါက်များမရှိစေရေးနှင့် လမ်းပုခုံးများကို မြေနီကျောက်စရစ်ဖြင့်ခင်းနိုင်ရေး အမြန်ပြင်ဆင်ဆောင်ရွက်ရန်၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေး၊ လမ်းဘေးခြုံနွယ်များရှင်းလင်းရေး ဆောင်ရွက်သွားရန်၊ BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းကို (၂) လအတွင်း အပြီးဆောင်ရွက်ရေး စီမံချက်ချမှတ်ဆောင်ရွက်ရန်၊ ဌာနမှတာဝန်ရှိသည့် အင်ဂျင်နီယာချုပ်များ၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး (မြို့ပြ) များ၊ ခရိုင်၊ မြို့နယ် လမ်းအင်ဂျင်နီယာများအနေဖြင့် မိမိလမ်းဧရိယာနယ်မြေအတွင်း လမ်းများပျက်စီးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး၍ BOT ကုမ္ပဏီများသို့ အချိန်မီပြုပြင်နိုင်ရေး အလေးထားကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်-ပြည်-မန္တလေးလမ်း (ရေနံချောင်းမြို့ရှောင် လမ်းပိုင်း) လမ်းပေါက်ပြုပြင်ခြင်းနှင့် ရေပိတ်လွှာလောင်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ကံပြားလမ်းဆုံအနီးရှိ ကောင်းမွန်ကုမ္ပဏီ လမ်းလုပ်ငန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးမြို့အဝင် မုဒ်ဦးအနီး ကောင်းမွန်ကုမ္ပဏီမှ AC ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ ရန်ကုန်-ပြည်-မန္တလေး (မကွေး-တောင်းတွင်းကြီးလမ်းပိုင်း) အား Max Highways ကုမ္ပဏီမှ ရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်