ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) မိတ္ထီလာ - ကျောက်ပန်းတောင်း - ညောင်ဦး BOT လမ်း ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်နေမှုနှင့် ညောင်ဦးမြို့ ဘက်စုံသုံးမြို့နယ်ခန်းမ အဆောက်အဦ အသစ်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၃၁

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (‌နေပြည်တော်-မန္တလေးလမ်းပိုင်း)ရှိ လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲ/ယာ သန့်ရှင်းသပ်ရပ်သာယာလှပရေး ဆောင်ရွက်နေမှုနှင့် သီးကုန်းတိုးလ်ဂိတ် လမ်းအသုံးပြုခကောက်ခံနေမှု၊ တိုးလ်ဂိတ်၌ ကတ္တားအသစ် ပြန်လည်တပ်ဆင်ခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာ -  ကျောက်ပန်းတောင်း - ညောင်ဦးလမ်းပိုင်း မိုင်တိုင်အမှတ်(၂၅/၁)နှင့် (၂၅/၂)အကြား လမ်းဘေးဝဲ/ယာ လမ်းပခုံးဆောင်ရွက်နေမှုများနှင့် လမ်းတစ်လျှောက် လမ်းပြင်ဆင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် BOT ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်းတိုးလ်ဂိတ်အနီးရှိ မြတ်နိုးသူကုမ္ပဏီရှင်းလင်းဆောင်တွင် BOT လမ်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများနှင့်တွေ့ဆုံပြီး လမ်းပေါက်များမရှိစေရေး စနစ်တကျပြင်ဆင်ဆောင်ရွက်ရန်၊ လမ်းပခုံးများ ကောင်းမွန်စေရေး၊ လမ်းသားမျက်နှာပြင် ပျက်စီးမှုမရှိစေရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး၊ မြို့နယ်၊ ခရိုင် လမ်းအင်ဂျင်နီယာများအနေဖြင့် မိမိလမ်းဧရိယာနယ်မြေအတွင်း လမ်းများပျက်စီးမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး BOT ကုမ္ပဏီများသို့ အချိန်မီပြုပြင်နိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ်၊ လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ)ရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ပါတီနိုင်ငံရေးကင်းရှင်းရေး၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်နိုင်ရေး၊ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး မှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့သို့ရောက်ရှိပြီး ညောင်ဦးမြို့ ဘက်စုံသုံးမြို့နယ်ခန်းမ အဆောက်အဦအသစ် တည်ဆောက်ခြင်းလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ အဆောက်အဦဦးစီးဌာန အင်ဂျင်နီယာချုပ်(လျှပ်စစ်) ဦးကြည်လှိုင်ဝင်းနှင့် အဆောက်အဦအထူးအဖွဲ့(၇) ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးလှမိုးဇော်တို့က လျှပ်စစ်မီးရရှိဆောင်ရွက်ထားရှိမှု၊ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ဗိသုကာပုံစံများ၊ လုပ်ငန်းစီမံချက်နှင့် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့ ဘက်စုံသုံးမြို့နယ်ခန်းမ အဆောက်အဦအသစ် တည်ဆောက်ခြင်းလုပ်ငန်းခွင် အတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်