ဒုတိယဝန်ကြီး ဦးဝင်းဖေ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း သား/သမီးများ၏ ဗုဒ္ဓဘာသာ  ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်


နေပြည်တော် ဧပြီ ၂၈

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း သား/သမီးများ၏ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၁)၌ ကျင်းပသည်။

 

သင်တန်းဆင်းတွင် ဒုတိယဝန်ကြီး  ဦးဝင်းဖေ က ယဉ်ကျေးလိမ္မာသင်တန်းများကို တက်ရောက် သင်ကြား ခြင်းအားဖြင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော အခြေခံယဉ်ကျေးမှုများကို တတ်သိနား လည်လာခြင်း ၊ ရတနာ သုံးပါးအကြောင်းကို သိရှိနားလည် ကိုးကွယ်ဆည်းကပ်တတ်၍ မြန်မာ့ယဉ်ကျေးမှုအနှစ်သာရများကို တန်ဖိုးထားတတ်လာခြင်း၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်း စောင့်ရှောက်နိုင်သော လူတော်လူကောင်း များဖြစ်လာခြင်း စသောအကျိုးတရားများကို ရရှိလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် ကလေးငယ်များ လိမ္မာယဉ်ကျေးပြီး စာရိတ္တမြင့်မားရေး၊ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုး တတ်သည့် လူတော်လူကောင်းများဖြစ်စေရေး၊ ဖွံ့ဖြိုးတိုးတက်သော နည်းပညာခေတ်တွင် လူငယ်တို့၏ စိတ်ဓာတ်နှင့် အတွေးအခေါ်များလည်း ဖွံဖြိုးတိုးတက်ပြီး နိုင်ငံတော်အတွက် အားကိုးအားထား ပြုရမည့် သားသမီးကောင်း ရတနာများ မွေးထုတ်နိုင်ရေး မိဘဆရာများ၊ တာဝန်ရှိသူများက လေ့ကျင့်ပြုစု ပျိုးထောင်းပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်ဇနီးတို့က သင်တန်းနည်းပြဆရာမကြီးများကို ဂုဏ်ပြု မှတ်တမ်းချီးမြှင့်ပြီး အလယ်တန်းအဆင့် ယဉ်ကျေးလိမ္မာသင် တန်းသားများကို ကျောင်းစိမ်း လုံချည်များ ပေးအပ်လှူဒါန်းကာ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့် ဇနီး တို့က မူလတန်း အဆင့် ယဉ်ကျေးလိမ္မာသင်တန်းသားများ ကို ကွန်ပါဘူးများ ပေးအပ်လှူဒါန်းသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တရုတ် - မြန်မာ စီးပွားရေး စင်္ကြံလမ်း( China – Myanmar Economic Corridor) (CMEC)နားလည်မှုစာချွန်လွှာအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပေါင်စန်းပြည်နယ်ခွဲ ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ယန်ကျင်း၊ ထိန်ချုံး - မြစ်ကြီးနား လမ်းဆက်ဆံရေးရုံး ညွှန်ကြားရေးမှူး မစ္စတာ ကျောင့်ကျီဟွေ့တို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များကို နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အား ဆက်သွယ်ထားသည့် လမ်းကွန်ယက်များနှင့် တံတားများ အဆင့်မြှင့်တင်ခြင်း ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)