ဒုတိယဝန်ကြီး ဦးဝင်းရှိန် ခုံသမာဓိကောင်စီ၊ ခုံသမာဓိအဖွဲ့၊ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင်များ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၂၁

 

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းရန် ဖွဲ့စည်းထားသည့် ခုံသမာဓိကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီတွင် ကနဦး ဖြေရှင်း၍ ပြေလည်မှုများ ရရှိနေမှုကြောင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းမှုကို များစွာ အထောက်အကူဖြစ်စေကြောင်း၊ ပြေငြိမ်းမှုမရသည့် အငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဖြင့်ဖြစ်စေ၊ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးရမည့် ကိစ္စရပ်များအတွက် အထူးညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ (မြို့နယ်ပေါင်းစပ်အဖွဲ့)တို့ဖြင့် ဖြစ်စေ ဖြေရှင်းပေးလျက်ရှိကြောင်း။

 

ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အနေဖြင့် သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များနှင့်အညီ နှစ်ဖက်ခေါ်ယူ၍ ဖျန်ဖြေပေးရာတွင်  အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကိုသာ ညှိနှိုင်းဖျန်ဖြေ ပေးရန်လိုပြီး အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများကို သက်ဆိုင်ရာဦးစီး ဌာနများမှ ဖြေရှင်းပေးလျက်ရှိ‌ကြောင်း၊ ခုံသမာဓိအဖွဲ့အနေဖြင့် သက်ဆိုင်ရာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့က တင်ပြလာသည့် အငြင်းပွားမှုများကို အဖွဲ့ဝင်များအနေဖြင့် အကြေအလည် ညှိနှိုင်းဆွေးနွေးပြီး အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးကို တရားမျှတမှန်ကန်စွာ ကြားနာ စစ်ဆေးရမည်ဖြစ်ကြောင်း၊ ဥပဒေက အပ်နှင်းထားသည့် အခွင့်အာဏာထက် ကျော်လွန် ဆောင်ရွက်ခြင်း မပြုရန်နှင့် အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန်၊ အလုပ်ရှင်၊ အလုပ်သမားအကြား ဘက်လိုက်မှုမရှိဘဲ အားကိုးအားထားပြုရသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရေး လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ကြားနာစစ်ဆေးရန် အကျုံးမဝင်သည့် အငြင်းပွားမှုများကို သက်ဆိုင်ရာသီးခြား ဥပဒေဖြင့် စိစစ်ဖြေရှင်းနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများကို ရှင်းလင်းပြောကြားထား ရန်လိုကြောင်း။

 

ခုံသမာဓိကောင်စီအဖွဲ့ဝင် အနေဖြင့် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသဖြင့် ခုံသမာဓိ ကောင်စီ၏ အဆုံးအဖြတ်ခံယူရန် တင်သွင်းသည့် လျှောက်ထားလွှာများကို လက်ခံရရှိသည်နှင့် ခုံအဖွဲ့ ဖွဲ့စည်း၍ ကြားနာစစ်ဆေးရာတွင် စစ်ဆေးချက်များ၊ သက်သေခံခြင်းများအပေါ် အခြေခံပြီး လွတ်လပ်စွာဖြင့် အလုပ်ရှင်နှင့် အလုပ်သမားတို့အတွက် မျှတသော ဆုံးဖြတ်ချက်ချ မှတ်ရမည်ဖြစ်ကြောင်း၊ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်များသည် တိုင်းဒေသကြီး၊ ပြည်နယ်ခုံ သမာဓိအဖွဲ့ဝင်များက အကိုးအကားပြု လေ့လာရမည့် ဆုံးဖြတ်ချက်သာဓကများ ဖြစ်ရမည့်အပြင် ခုံသမာဓိကောင်စီသည် အလုပ်ရှင်၊ အလုပ်သမားများအတွက် အားကိုးအားထားပြုရသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း။

 

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တွင် ဆွေးနွေးညှိနှိုင်းမှု အားကောင်းခြင်းဖြင့် အငြင်းပွားမှုများကို လျော့ကျစေနိုင်သဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများတွင် (WCC) တိုးမြှင့်ဖွဲ့စည်းရေး သက်ဆိုင်ရာဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ဖျန်ဖြေရေး အရာထမ်းများအနေဖြင့် အငြင်းပွားမှုဖြစ်ပွားသည့် အခြေခံ အကြောင်းအရင်းများ၊ လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်သည့် စက်ရုံများ၏ အလေ့အထများနှင့် အငြင်းပွားမှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို အလုပ် ရှင်နှင့် အလုပ်သမားများကို အသိပညာပေး ဆွေးနွေးခြင်း၊ တစ်ဦးချင်း ညှိနှိုင်းဖျန်ဖြေမှု စွမ်းဆောင်ရည် မြင့်မားလာစေရန် အရာထမ်းအချင်းချင်း အတွေ့အကြုံများ အပြန်အလှန် ဆွေးနွေးဖလှယ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်