နေပြည်တော် နိုဝင်ဘာ ၁၃

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)သို့ ရောက်ရှိပြီး လေအေးပေးစက် တပ်ဆင်/ ပြုပြင်ခြင်းသင်တန်း (၃/၂၀၂၄)နှင့် ဂဟေဆက်သင်တန်း (၄/၂၀၂၄) သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။

ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာလုပ်သားများ လုပ်ငန်းခွင်စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(၇) ကျောင်းကို တည်ထောင်ဖွင့်လှစ်ပြီး လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးလျက်ရှိကြောင်း၊ နိုင်ငံအတွက် ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ လူငယ်လူရွယ်များအတွက် သင့်တော်ကောင်း မွန်သော အလုပ်အကိုင်များရရှိကြစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်သောကြောင့် သင်တန်းသား လူငယ်များအနေဖြင့် သင်ကြားပို့ချသည့် စာတွေ့/လက်တွေ့ အသိပညာ ဗဟုသုတများနှင့် လက်တွေ့ကျွမ်းကျင်မှုများကို စနစ်တကျ မှတ်သားလိုက်နာ ဆောင်ရွက် ရန်လိုကြောင်း၊ သို့မှသာ မိမိဘဝအတွက် အာမခံချက်ပေးနိုင်မည့် အလုပ်အကိုင်ကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း၊ လေအေးပေးစက် သွယ်တန်းတပ်ဆင်ခြင်း၊ ဂဟေဆက်ခြင်း၊ မော်တော်ယာဉ်စက်ပြင်ခြင်း၊ ကြွေပြား ကပ်ခြင်း၊ စားသောက်ဆိုင်ဝန်ဆောင်မှု၊ သံချည်သံကွေး၊ ဂဟေဆက်(မွမ်းမံ) သင်တန်း စသည့် သင်တန်း(၈)မျိုးကို (၂၂) ကြိမ်ဖွင့်လှစ်၍ သင်တန်းသား ၅၀၀ ကျော် ဖွင့်လှစ် ရန်လျာထားပြီး ယနေ့ထိ သင်တန်း (၈) မျိုးကို သင်တန်း (၁၁) ကြိမ်ဖြင့် သင်တန်းသား ၂၇၀ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်