ဒုတိယဝန်ကြီး ဦးဝင်းရှိန် လှိုင်သာယာစက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန်ရှိ စက်ရုံများသို့ ကွင်းဆင်းအားပေး

ရန်ကုန်  ဇွန် ၂၅

 

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Hanboom (Myanmar) Garment Co., Ltd နှင့် New Forest Co., Ltd အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များမှာကြားပြီး စက်ရုံ အတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း၍ CMP လုပ်ငန်းစနစ်တကျရှိ စေရေးကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း၊ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်းပပျောက်စေရေး တည်ဆဲ အလုပ်သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန်ရှိ  Asia Caps Co., Ltd အထည်ချုပ်စက်ရုံနှင့် Yacheng Foot Wear Co., Ltd ဖိနပ်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံတာဝန်ခံများက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှု၊ စက်ရုံတွင်း အလုပ်သမား ရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) ဖွဲ့စည်းဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးကော်မ တီများဖွဲ့စည်း ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း အလုပ်သမားများအေးချမ်းစွာ လုပ်ကိုင်နေမှုကို ကြည့်ရှုပြီး ဒုတိယဝန်ကြီးက အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)နှင့် အလုပ်ရှင် တို့သည် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါထိခိုက်ခံစားမှု လျော့နည်းကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို အထောက်အကူများစွာ ဖြစ်စေနိုင်ကြောင်းပြောကြားသည်။

(သတင်းစဉ်)