ဒုတိယဝန်ကြီး ဦးဝင်းရှိန် သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များအတွက် အသိပညာပေးပွဲ တက်ရောက်

ရန်ကုန်  ဇူလိုင်   ၁၁

           

သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များအတွက်အသိပညာပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်း ဘုရားလမ်းရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အသိပညာပေးပွဲသို့ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့(NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ စက်မှုပူးပေါင်း ဆောင် ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်  တာဝန်ရှိသူများ၊ သတ္တုနှင့် အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီဝင်များနှင့်  အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု  “စံ” သတ်မှတ်ရေးဆပ်ကော်မတီများ၊ သတ္တုနှင့် အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဒုတိယဝန်ကြီးက          NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှစပြီး ယခုအချိန်ထိ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန (၂၀၀) ခုကို တည်ထောင်နိုင်ခဲ့ပြီး အလုပ်အကိုင် (၃၀) မျိုးမှ အရည် အသွေးပြည့်မီသူ ကျွမ်းကျင် လုပ်သား (၁၇,၅၃၅) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းကဏ္ဍ အလုပ်အကိုင်များအတွက် စစ်ဆေးအကဲဖြတ်ခဲ့ရာ ကျွမ်းကျင်မှု အဆင့်(၁)အတွက် လေအေးပေးစက်တပ်ဆင်သူ၊ ဂဟေဆက်လုပ်သား၊  မော်တော်ယာဉ် စက်ပြင်၊ စက်ကိရိယာ ကိုင်တွယ်မောင်းနှင်သူ၊ အသေးစားစက်ပြင်၊  သံရည်ကျိုပုံသွင်း လုပ်သား အပါအဝင် ဖြေဆိုသူ ၄,၄၀၀ ကျော်ကို စစ်ဆေးအကဲဖြတ်ခဲ့ပြီး အောင်မြင်သူ ၃,၇၀၀ ကျော်နှင့် ကျွမ်းကျင်မှုအဆင့် (၂) အတွက် Pneumatic၊  လေအေးပေးစက်တပ်ဆင်သူ၊ သံရည်ကျိုပုံသွင်းလုပ်သား၊ ဂဟေဆက်လုပ်သား အပါအဝင် ဖြေဆိုသူ ၆၆၀ ကျော်အနက် အောင်မြင်သူ ၅၈၀ ကျော်ရှိခဲ့ကြောင်း။ 

             

လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်မှုစွမ်းရည် မြင့်မားသည့် လုပ်သားများ ပြုစုပျိုး ထောင်ပေးပြီး   အရည်အသွေးပြည့် ထုတ်ကုန်များ စွမ်းအားပြည့်ထုတ်ပေးခြင်းဖြင့် မိမိလုပ်ငန်း၏ပုံရိပ်ကို ကောင်းမွန်စေနိုင်သကဲ့သို့ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် ယုံကြည် ကိုးစားမှု ရရှိနိုင်သဖြင့် ကျွမ်းကျင်လုပ်သားများစဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး NSSA နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ထို့နောက် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က ဆွေးနွေးပြောကြားပြီး သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီဝင်များက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် သတ္ထုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌတို့က လိုအပ်သည်များ ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)