ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖွဲ့တို့အကြား ပူးတွဲအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၁၅

ဒုတိယဝန်ကြီးချုပ်နှင့်   နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITTIKHOUN ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့အကြား ပူးတွဲအစည်းအဝေးတစ်ရပ်ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အဆိုပါ ပူးတွဲအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ အာဆီယံအတွင်းရေး မှူးချုပ် Dr. KAO KIM HOURN၊ AHA Centre အမှုဆောင် ဒါရိုက်တာ Mr. LEE YAM MING နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်လျက်ရှိသည့်ကိစ္စများ၊ အာဆီယံနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် ရှိ Park Royal Hotel ၌ အလုပ်သဘောညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

သတင်းစဉ်